စီးပွားရေးလုပ်ငန်း၊ ပညာရေးနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်က ဦးဆောင်သူတွေဟာ “ကျောင်းတိုင်းက ကျောင်းသားတိုင်း ကွန်ပျူတာသိပ္ပံကို သင်ယူခွင့်ရရှိရေး” အတွက် အမေရိကန်က K-12 ကို အဆင့်မြှင့်တင်ဖို့ အုပ်ချုပ်ရေးနဲ့ ပညာရေးခေါင်းဆောင်တွေကို တောင်းဆိုထားကြပါတယ်။

ကွန်ပျူတာသိပ္ပံဟာ ကျောင်းသားတိုင်း သင်ယူဖို့အရေးကြီးတဲ့ဘာသာရပ်ဖြစ်တဲ့ အကြောင်းပြချက်တွေကိုလည်း Public letter တွေမှာ အကျယ်တဝင့်ရေးသားဖော်ပြထားကြပြီး ဖြစ်ပါတယ်။ ဒီလိုမျိုး တောင်းဆိုတဲ့ ဦးဆောင်သူ ၅၀၀ ထဲမှာ Apple ရဲ့ CEO Tim Cook လည်း ပါဝင်နေပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာဟာ စက်မှုလုပ်ငန်းတိုင်းပေါ် သက်ရောက်မှုရှိနေချိန်မှာ ကျောင်းသားတွေဟာ သုံးစွဲသူတွေအဖြစ်သာမကဘဲ ဖန်တီးသူများဖြစ်ဖို့အတွက်သင်ယူဖို့ နည်းပညာအလုပ်လုပ်ပုံကို သိဖို့လိုအပ်ပြီး ကျောင်းသားတိုင်းကိုလည်း သင်ကြားပေးသင့်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ကျောင်းသားတိုင်းကို သင်ကြားပေးသင့်ပေမဲ့ ဒီအခြေခံကျွမ်းကျင်မှုကို ကံကောင်းသူအနည်းငယ်ကိုသာ သင်ကြားပေးနေတာဖြစ်ပြီး ကျောင်းသားအများစု၊ အထူးသဖြင့် အမျိုးသမီးငယ်တွေနဲ့ အသားအရောင်ကွာခြားသူတွေက နောက်ကျကျန်ရစ်စေခဲ့တာလည်း ဖြစ်ပါတယ်။

တောင်းဆိုချက်ကို လက်မှတ်ရေးထိုးပြီးပါဝင်သူတွေမှာ Tim Cook သာမကဘဲ Meta CEO Mark Zuckerberg လည်း ပါဝင်နေတာကို တွေ့ရပါတယ်။ Apple နဲ့ Meta တို့ဟာ App Tracking Transparency effort ကိစ္စကြောင့် ထိပ်တိုက်တွေ့ခဲ့ကြဖူးတဲ့ သမိုင်းရှိပါတယ်။ ဒါပေမဲ့လည်း CEO နှစ်ယောက်စလုံးဟာ ကျောင်းသားတိုင်း ကွန်ပျူတာသိပ္ပံဘာသာရပ်ကို သင်ကြားသင့်တယ်ဆိုတဲ့ အယူအဆမှာတော့ ထပ်တူညီနေခဲ့ကြပါတယ်။

အခြား ထင်ရှားတဲ့ထောက်ခံသူတွေကတော့ Jeff Bezos, Bill Gates, Satya Nadella နဲ့ Marc Benioff တို့ဖြစ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ နည်းပညာနဲ့ ကမ္ဘာကိုဦးဆောင်နေတယ်ဆိုပေမဲ့ နိုင်ငံရဲ့ အထက်တန်းကျောင်းသား ၅% ကပဲ ကျွန်ပျူတာသိပ္ပံဘာသာရပ်ကို လေ့လာနေကြတယ်လို့ ဆိုပါတယ်။

“Coding ဟာ လူတစ်ဦးသင်ယူနိုင်တဲ့ တန်ဖိုးအရှိဆုံးကျွမ်းကျင်မှုတစ်ခုပါ။ ဒါဟာ တံခါးသစ်တွေကို ဖွင့်နိုင်ပါတယ်။ အရှိန်အဟုန်နဲ့ တိုးတက်မှုကိုဖြစ်ပေါ်စေမဲ့ အကူအညီကောင်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကြီးမားတဲ့အောင်မြင်မှုလိုမျိုး အိပ်မက်တွေကို အတွက်ကူညီတာမျိုး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူတိုင်းဟာ Coding ကို လေ့လာဖို့အခွင့်အရေးရှိသင့်ပါတယ်” လို့ Tim Cook က သူ့ရဲ့ထောက်ခံမှုကို Twitter မှာ ရေးသားမျှဝေခဲ့ပါသေးတယ်။

Ref: 9To5Mac