နှစ်စဉ် တစ်ကမ္ဘာလုံးက ထွက်နေတဲ့ E-Waste လို့ခေါ်တဲ့ Electronic Device အဟောင်းတွေ၊ အပျက်တွေစုပြုံထွက်နေပါတယ်။ ဒါတွေကို ကုမ္ပဏီအမျိုးမျိုးက နည်းအမျိုးမျိုးသုံးပြီးဖြေရှင်းကြသလို အချို့ကုမ္ပဏီတွေကတော့ စနစ်တကျစွန့်ပစ်ဖို့လောက်ပဲ ပြောထားပါတယ်။

Apple ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လာရင် ဂရုတစ်စိုက်ရှိတဲ့ ကုမ္ပဏီတွေအများကြီးထဲက ထိပ်ဆုံးစာရင်းထဲမှာပါဝင်တဲ့ ကုမ္ပဏီတစ်ခုပါ။ သူတို့ရဲ့ အရောင်းဆိုင်တွေ၊ ရုံးတွနဲ့ Data Center တွေကို သဘာဝပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုပဲဦးစားပေးအသုံးပြုလာတာ နှစ်တော်တော်ကြာခဲ့ပါပြီ။

မသုံးတော့တဲ့ iPhone အဟောင်းတွေ၊ MacBook အဟောင်းတွေအပါအဝင် Apple Product အဟောင်းတော်တော်များများကို Apple ကပြန်သိမ်းတဲ့စနစ်လေးရှိပါတယ်။ ပစ္စည်းအခြေအနေပေါ်မူတည်ပြီး လာအပ်တဲ့သူကို ငွေကြေးပြန်ပေးသလို iPhone အသစ်ဝယ်ရင် ဈေးလျှော့ပေးတာမျိုးတွေလုပ်ပေးပါတယ်။

Apple ကသူတို့ဆီပြန်ရောက်လာတဲ့ iPhone အဟောင်းတွေကိုတော့ စွန့်ပစ်ပစ္စည်း အမှိုက်ထဲမပါရလေအောင် Recycle ပြန်လုပ်ဖို့စီစဉ်ထားပါတယ်။ Recycle လုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေသလို သယံဇာတတွေကိုလည်း ဖြုန်းတီးရာမရောက်တော့ပါဘူး။

iPhone တွေကို Recycle လုပ်ဖို့အတွက် တစ်စစီဖြုတ်ရပါတယ်။ iPhone အစိတ်အပိုင်းတွေကို တစ်စစီဖြုတ်ဖို့အတွက် အချိန်ကုန်သက်သာစေဖို့နဲ့ တိကျမှုရှိစေဖို့ Apple ကစက်ရုပ်တွေဖန်တီးထားပါတယ်။ အရင်ကတော့ iPhone 6 တွေလောက်ပဲကောင်းကောင်းဖြုတ်ပေးနိုင်တဲ့ စက်ရုပ် Liam ဆိုတာရှိခဲ့ပါတယ်။

အခု Apple ထပ်ဖန်တီးထားတဲ့ စက်ရုပ်ကတော့ Daisy လို့နာမည်ပေးထားပြီး iPhone 5 လောက်ကစပြီး iPhone 7 နဲ့ iPhone 8 တွေအထိကို ဖြုတ်ပေးနိုင်မယ်လို့ဖော်ပြထားပါတယ်။ Daisy ကတော့ တစ်နာရီအတွင်းမှာ iPhone ပေါင်း အလုံး ၂၀၀ အထိဖြုတ်ပေးနိုင်တယ်လို့ Apple ကပြောထားပါတယ်။ Liam ထက်ပိုကောင်းတာကြောင့် iPhone Recycling မှာ ပိုမြန်မြန်လုပ်ပေးလာနိုင်ပါပြီ။