Samsung ရဲ့ Foldable တွေဟာ ဈေးကွက်ထဲမှာဦးဆောင်နေတယ်ဆိုပေမဲ့ ပြီးပြည့်စုံနေတာတော့ မဟုတ်သေးပါဘူး။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Foldable တွေရဲ့ကြံ့ခိုင်မှုနဲ့ အကြမ်းခံမှုကို အဆင့်ဆင့်တိုးတက်အောင်ပြုလုပ်နိုင်ခဲ့ပေမဲ့ စိန်ခေါ်မှုတွေတော့ ကျန်ရှိနေဆဲပါပဲ။

Samsung Newsroom မှာ တွေ့မြင်ရတာကတော့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေဟာ Samsung Galaxy Z Flip3 နဲ့ Z Fold3 တို့ရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းခဲ့ရလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုမှာ Foldable သစ်တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကြံ့ခိုင်မှုအတွက်ဖြေရှင်းထားပုံတွေကို ဖော်ပြထားတာ တွေ့မြင်ရပါတယ်။

Foldable တွေကို မတူညီတဲ့ အပိုင်းသုံးပိုင်းခွဲပြီး တည်ဆောက်ထားတာကို တွေ့မြင်ရပြီး နှစ်ပိုင်းက ဖုန်းကို ထက်ပိုင်းပိုင်းထားတာဖြစ်ပြီး၊ တစ်ပိုင်းက ပတ္တာဖြစ်ပါတယ်။ အပိုင်းသုံးပိုင်းလုံးကိုတော့ Samsung က “Armor Aluminum” လို့ ခေါ်တွင်ထားတာနဲ့ ကာကွယ်ထားပါတယ်။ ဒါဟာ သတ္တုဒြပ်စင်တွေကို အလူမီနီယံရောစပ်ထားတာဖြစ်ပြီး ပိုပြီးကြာရှည်ခံ၊ အကြမ်းခံတဲ့ရလဒ်အတွက် ဖြစ်ပါတယ်။

ဒါကြောင့် Z Foldable တွေဟာ မတော်တဆထိခိုက်မှုကနေဖြစ်လာတဲ့ ခြစ်မိခြင်းတွေ၊ အချိုင့်အခွက်၊ ပွန်းပဲခြင်းတွေကို လျော့နည်းစေတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ခုကတော့ အင်ဂျင်နီယာတွေဟာ ခေါက်နိုင်တဲ့ Device ကို ရေစိုခံအောင် ဘယ်နည်းနဲ့တည်ဆောက်ခဲ့ရသလဲဆိုတဲ့အပိုင်းပါ။ ဒီအပိုင်းကလည်း အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပတ္တာအတွင်းပိုင်းဟာ ရေစိုနိုင်ခြေအများဆုံးဖြစ်ပါတယ်။ ရှောင်လွှဲဖို့ခက်တဲ့အနေအထားပါ။ ပတ္တာတပ်ဆင်မှုပိုင်းမှာ Anti-corrosive solution နဲ့ ရေဒဏ်ကို ကာကွယ်ပေးနိုင်မဲ့ ချောဆီတစ်မျိုး ထည့်သွင်းထားပါတယ်။ ပတ္တာရဲ့ Driver တွေအတွက် ရေစိုခံနိုင်ဖို့အစီအမံတွေ ပြုလုပ်ထားခဲ့ပေမဲ့လည်း ရေကတော့ အတွင်းပိုင်းကို ဝင်ရောက်နိုင်တဲ့အလားအလာ ရှိနေတုန်းပဲဆိုတာကိုတော့ မေ့လို့မရပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် Galaxy Z Fold3 နဲ့ Z Flip3 တို့ဟာ ရှေ့မျိုးဆက် Foldable တွေထက်တော့ ပိုပြီးကြံ့ခိုင်၊ ပိုပြီးအကြမ်းခံလာတာ အမှန်ပါပဲ။ မျက်နှာပြင်တွေကလည်းပိုပြီးကြံ့ခိုင်လာ၊ ပိုပြီးအကြမ်းခံလာတယ်ဆိုပေမဲ့ ဒီဗီဒီယိုထဲမှာ ရည်ညွှန်းထားတာမျိုးတော့ မဟုတ်ပါဘူး။ မကြာခင်မှာပဲ Galaxy Z Fold3 နဲ့ Z Flip3 တို့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ အကြမ်းခံနိုင်မှုတွေကို စမ်းသပ်ထား၊ ခွဲခြမ်းစိတ်ဖြာထားတဲ့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေကို ဝေဝေဆာဆာ တွေ့မြင်လာကြရဦးမှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena