Facebook နဲ့ Instagram အသုံးပြုသူတွေအနေနဲ့ ကိုယ်ဝန်ဖျက်ချရာမှာအသုံးပြုတဲ့ ဆေးဝါးတွေနဲ့ပတ်သက်တာတွေကို ရေးသားလို့ရတော့မှာမဟုတ်ဘဲ ပယ်ဖျက်ခြင်းခံရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ဆေးဝါးနဲ့ပတ်သက်တဲ့ မူဝါဒကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာ အမေရိကန်တရားရုံးချုပ်က Roe v. Wade ကို ပယ်ဖျက်လိုက်ပြီးတဲ့နောက် လူမှုကွန်ရက်အသုံးပြုသူတွေက ကိုယ်ဝန်ဖျက်ချဆေးတွေအကြောင်း Post တွေကို ဝေမျှတာပိုလုပ်လာကြတာက အကျယ်တဝင့်ဖြစ်သွားတယ်လို့ ဆိုနိုင်ပါတယ်။ (Roe V. Wade, 401 U.S. 113 1973 ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားရုံးကစီရင်ဆုံးဖြတ်ခဲ့တဲ့ အမေရိကန်တရားရုံးချုပ်ရဲ့ အထင်ကရဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့ အခြေအနေအောက်မှာ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင်ခွင့်ပြုထားတယ်လို့ မှတ်ယူနိုင်ပါတယ်။)

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက်ပိုင်းမှာ လူမှုကွန်ရက်ဟာ ကိုဝန်ဖျက်ချဆေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မြန်နိုင်သမျှမြန်မြန် ပယ်ဖျက်ခဲ့တယ်လို့လည်း သိရပါတယ်။ AP သတင်းထောက်တစ်ဦးက ကိုယ်ဝန်ဖျက်ဆေးမှာယူဖို့ တင်လိုက်တဲ့ Post ကို Facebook က တစ်မိနစ်အတွင်း ဖယ်ရှားခဲ့တယ်လို့လည်း သိရပါတယ်။ Verge ရဲ့ သတင်းထောက်တစ်ဦးက စမ်းသပ်ရာမှာလည်း ၂ မိနစ်အတွင်း Post ဟာ နှစ်မိနစ်အတွင်း Flagged ဖြစ်သွားခဲ့ပြီး အလားတူရလဒ်ကိုပဲ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ ဆေးခြောက်ရောင်းချတာ၊ လက်ဆောင်ပေးတာနဲ့ လွှဲပြောင်းတာတွေနဲ့ပတ်သက်ပြီး တားမြစ်တဲ့ Meta ရဲ့ ကန့်သတ်ကုန်စည်မူဝါဒရဲ့ တူညီတဲ့ကဏ္ဍအောက်မှာလည်း တားမြစ်ထားပါတယ်။ ဒါပေမဲ့ သေနတ်အရောင်းအဝယ်အကြောင်း AP က Post တင်တာနဲ့ The Verge က ဆေးခြောက်အရောင်းအဝယ်အကြောင်း Post တင်တာတွေကိုတော့ Facebook က ချက်ချင်းမဖယ်ရှားခဲ့ဘူးလို့ စမ်းသပ်တွေ့ရှိရပါတယ်။

Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ Andy Stone က “ဆေးဝါးဝယ်ယူခြင်း၊ ရောင်းချင်း၊ ရောင်းဝယ်ခြင်း၊ လက်ဆောင်ပေးခြင်း၊ တောင်းဆိုခြင်း ဒါမှမဟုတ် လှူဒါန်းရန်ကြိုးပမ်းခြင်း စတဲ့အကြောင်းအရာတွေကို ခွင့်မပြုဘူး” လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိတော့ ကုမ္ပဏီဟာ မူဝါဒကို ဘယ်လိုကျင့်သုံးတယ်ဆိုတာနဲ့ ကွဲလွဲမှုတွေကို ရှင်းပြဖို့နဲ့ မေးခွန်းတွေကို တုံ့ပြန်ဖို့ပျက်ကွက်နေသေးတာလည်း ဖြစ်ပါတယ်။

Ref: The Verge