Facebook ကနေ အသုံးပြုသူအချင်းချင်း Message ပေးပို့နိုင်ဖို့အတွက် Messenger ဆိုပြီး သီးသန့် ခွဲထုတ်ထားပြီး Messenger App အတွင်းမှာ ဖုန်းရဲ့ SMS Message တွေကိုပါ တစ်နေရာတည်းမှာ ဖတ်ရှုအသုံးပြုနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာတော့ ဒါက ပြောင်းလဲသွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Facebook ကနေ လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့ စတင်ပြီး Messenger App အတွင်းမှာ SMS Message တွေကို အသုံးပြုနိုင်မှုကို ရပ်ဆိုင်းသွားမယ်လို့ ကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ Messenger ကို Default SMS App အနေနဲ့ အသုံးပြုနေတယ်ဆိုရင် ပြောင်းလဲပြီး အသုံးပြုဖို့ လိုအပ်မှာပါ။

Meta ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက SMS Message တွေကို Messenger App အတွက် စတင်ထည့်သွင်းပေးခဲ့တာဖြစ်ပြီး ၂၀၁၃ မှာ ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၂၀၁၆ ခုနှစ်ကြမှ ပြန်လည်ထည့်သွင်းပေးခဲ့တာဖြစ်ပြီး အခုအချိန်အထိ အသုံးပြုနိုင်နေခဲ့တာဖြစ်ပါတယ်။ SMS Message တွေကို Messenger App အတွင်းမှာ Purple Color အနေနဲ့ ခွဲခြားထားပြီး တခြား Message တွေနဲ့ မရောထွေးအောင် ပြုလုပ်ထားပါတယ်။

အခုလိုမျိုး Meta ကနေ Facebook Messenger App မှာ SMS Message ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းလိုက်တဲ့ အကြောင်းပြချက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ဖြစ်နိုင်ခြေများနေတာက အခုနောက်ပိုင်း Android ဖုန်းတော်တော်များများမှာပါဝင်တဲ့ Google Messages App ဟာ Rich Communication Services (RCS) ကို အသုံးပြုနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။

Ref – Gizmo China