Facebook က လူတွေရဲ့ ဆက်သွယ်နေတဲ့စနစ်ကို ပြောင်းလဲသွားစေမယ့် နည်းပညာ အသစ် ၂ ခုကို တီထွင်နေတယ်လို့ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတစ်ခုဖြစ်တဲ့ F8 ဆွေးနွေးပွဲမှာ အသိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ကုမ္ပဏီက နည်းပညာအသစ်တစ်ခုကို စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါက တစ်မိနစ်မှာ စာလုံးရေပေါင်း ၁၀၀ ကျော်ကို လက်ချောင်းနဲ့မဟုတ်ဘဲ ဦးနှောက်နဲ့ ရိုက်နိုင်မယ့် စနစ်ဘဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်လူတွေက ဓာတ်ပုံတွေ Facebook မှာ share ကြသလိုပါဘဲ သူတို့ ဘာတွေ စဉ်းစားတွေးတောနေလဲဆိုတာကို ဦးနှောက်ကနေ တိုက်ရိုက် ရေးသားပေးမယ့်နည်းပညာပါ။

နောက်ထပ် နည်းပညာ အသစ်တစ်ခုကလည်း လူတွေက သာမန် နားနဲ့ ကြားနေရုံကနေ အရေပြားကနေ ကြားနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။

လူသားတွေရဲ့ အရေပြားက အာရုံသိမှု (Sensors) တွေနဲ့ ဖွဲ့စည်းထားတာပါ။

ဒီလိုနည်းပညာသာ တီထွင်နိုင်ခဲ့တယ်ဆိုရင် စကားမပြောနိုင်တဲ့ သူတွေ၊ အကြားအာရုံချို့တဲ့သူတွေ အတွက်လည်း အထောက်အကူအများကြီးဖြစ်မှာပါ။

Building 8 အစီအစဉ်

ဒီနည်းပညာတွေကို Building 8 အစီအစဉ်အဖြစ် Facebook က လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ကျွမ်းကျင်ပညာရှင်ပေါင်း ၆၀ နီးပါးနဲ့ တီထွင်နေပါတယ်။ Facebook က သူ့ တီထွင်တဲ့အဖွဲ့ကို ထပ်ချဲ့ဖို့ ကြိုးစားနေပြီး ကွန်ပျုတာ၊ ဦးနှောက်ပိုင်းနဲ့ အာရုံကြောဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ထပ်ခန့်ဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် Facebook ကုမ္ပဏီတစ်ခုတည်း ဒီနည်းပညာ ရရှိဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ အာကာသ ခရီးစဉ်တွေ ပြေးဆွဲနေတဲ့ Space X ကုမ္ပဏီ ပိုင်ရှင် Elon Musk ကလည်း ကြိုးစားနေတာပါ။

Elon Musk က Neuralink ဆိုတဲ့ အဖွဲ့လေးကို တည်ထောင်ပြီး ဦးနှောက်နဲ့ ကွန်ပျုတာကို တိုက်ရိုက်စေခိုင်းအသုံးပြုနိုင်မယ့် နည်းလမ်းကို ရှာဖွေနေပါတယ်။ သူကတော့ ဦးနှောက်ထဲကို အီလက်ဒရို နုတ်စ် (Electrodes) လေးတွေ ထည့်ဖို့ ကြိုးစာနေတာဘဲဖြစ်ပါတယ်။

Facebook ကုမ္ပဏီရဲ့ တည်ထောင်သူ မက်ဇူကာဘတ်စ် ကတော့ Facebook က ဒီနည်းပညာ တီထွင်ဖို့ ပထမခြေလှမ်းကို တော့ စတင်လိုက်ပါပြီ။ ဒါပေမယ့် တကယ်အသုံးပြုနိုင်ဖို့တော့ အချိန်တွေအများကြီးလိုပါသေးတယ်လို့ ပြောကြားခဲ့ပါတယ်။