ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC ကတော့ Huawei နဲ့ ZTE တို့ဟာ အမေရိကန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ကော်မရှင်နာ Brendan Carr ရဲ့ အဆိုအရ ဒီကုမ္ပဏီနှစ်ခုစလုံးဟာ “တရုတ်ကွန်မြူနစ်” နဲ့ ဆက်စပ်နေပြီး အကြီးစား  စက်မှုလုပ်ငန်းထောက်လှမ်းရေးမှာ ပါဝင်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုတာပါပဲ။

FCC ရဲ့ ဆုံးဖြတ်ချက်နောက်က အဓိပ္ပါယ်ဟာ FCC ရဲ့ Universal Service Fund နဲ့ ဒီကုမ္ပဏီနှစ်ခုကပံ့ပိုးထားတဲ့ “ပစ္စည်းကိရိယာတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူခြင်း၊ ထိမ်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်းတွေ ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။ ဒါဟာ အမေရိကန်ရဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့အတွက် FCC က ပြုလုပ်ပေးတဲ့ နောက်ဆုံးအဆင့် သတ်မှတ်ချက် ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း အမေရိကန်အစိုးရဟာ နိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက်တွေကနေ Huawei နဲ့ ZTE တို့ရဲ့ အစိတ်အပိုင်းတွေကို ဖယ်ထုတ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ “အမေရိကန်ဟာ တရုတ်ကွန်မြူနစ်နဲ့ပတ်သက်ပြီး အားနည်း၊ တွန့်ဆုတ်တဲ့ ချဉ်းကပ်မှုမျိုးကို အတိတ်မှာထားခဲ့ပြီး စာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီ” လို့ Carr က ဆိုပါတယ်။

“အခုအချိန်ဟာ တရုတ်ကွန်မြူနစ်ရဲ့ ခြိမ်းခြောက်မှုကိုဖြေရှင်းဖို့အတွက် လိုအပ်တဲ့သတ္တိကို ထုတ်ဖော်ပြသရမယ်” လို့လည်း ဆိုပါသေးတယ်။ ဒါ့အပြင် FCC ရဲ့ အားထုတ်မှုတွေဟာ ဒီနေရာမှာတင် ရပ်တံ့သွားမှာမဟုတ်ဘဲ ဆက်လက်ဆောင်ရွက်နေဦးမယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန် ကုမ္ပဏီအချို့ကတော့ Huawei နဲ့ ZTE တို့ကို သီးခြားနယ်ပယ်တွမှာ ကုန်သွယ်ခွင့် ရရှိထားတုန်း ဖြစ်ပါတယ်။

Ref: GSM Arena