အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) က နာမည်ကြီး အမေရိကန် Carriers တွေဟာ သုံးစွဲသူတွေရဲ့ တည်နေရာ ဒေတာတွေကို အေဂျင်စီတချို့ကို ရောင်းစားနေတယ်လို့ ဒီလ အစောပိုင်းက လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။ ဒီလိုလုပ်နေတာဟာ ၂၀၁၈ ခုနှစ်ထဲကဆိုတာ လေ့လာတွေ့ရှိခဲ့ပြီး အခုတော့ FCC က အရေးယူတော့မှာ ဖြစ်ပါတယ်။

FCC က  နာမည်ကြီး အမေရိကန် Carrier ၄ ခုကို စုစုပေါင်း ဒေါ်လာ ၂၀၈ သန်း ဒဏ်ငွေရိုက်မယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ T-Mobile ကို ၉၁ သန်း ၊ AT&T ကို ၅၇ သန်း၊ Verizon ကို ၄၈ သန်းနဲ့ Sprint ကို ၁၂ သန်း ဒဏ်ရိုက်မှာပါ။ လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေကို အခြေခံပြီး အဲဒီဒဏ်ငွေပမာဏကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အမေရိကန် Carrier တွေဟာ သုံးစွဲသူတွေ ခွင့်ပြုချက် မရှိဘဲ သူတို့ရဲ့ တည်နေရာ ဒေတာတွေကို ရောင်းစားနေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်မှာ FCC က စတင် စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ “Location finding service” Securus က ထောင်သားတွေရဲ့ တည်နေရာကို အာဏာပိုင်တွေထံ ပေးပို့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒေတာတွေကို Third Party တွေကို ရောင်းစားခဲ့ပါတယ်။

အခု သတ်မှတ်ထားတဲ့ ဒဏ်ငွေတွေဟာ နောက်ဆုံး ဆုံးဖြတ်ချက် မဟုတ်သေးပါဘူး။ နောက်ဆုံး ဒဏ်ငွေကို မသတ်မှတ်ရသေးခင်မှာ အမေရိကန် Carrier တွေဟာ အယူခံဝင်ခွင့်ရှိပါသေးတယ်။

Ref : gsmarena