ဖုန်း အားသွင်းတာလောက်နဲ့တော့ အန္တရာယ်မရှိလောက်ဘူးလို့ ထင်ကြမှာပါ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု၊ New Hampshire မီးသတ်ဌာနကတော့ အိပ်ယာထဲမှာ ဖုန်းကို အားမသွင်းဖို့ သတိပေးကြေညာတာတွေ လုပ်နေရပါတယ်။

ဖုန်းအိပ်ယာထဲမှာ အားသွင်းရင် ပေါက်ကွဲသွားတဲ့ ဓာတ်ပုံတွေ၊ မီးလောင်ကျွမ်းသွားတဲ့ အိပ်ယာ ပုံတွေနဲ့အတူ သတိပေးကြေညာမှုတွေပြုလုပ်နေပါတယ်။

ဒီလို ပညာပေးမှုတွေ လုပ်နေရတာလည်း အကြောင်းရှိပါတယ်။

သုတေသနပြုလုပ်ချက်အရ အမေရိကန်ပြည်ထောင်စုက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ၅၃ ရာခိုင်နှုန်းက ဖုန်းတို့ Laptop တို့ကို အိပ်ယာထဲမှာဘဲ ဖုန်းအားသွင်းလေ့ရှိပါတယ်။

အိပ်ယာထဲမှာ ဖုန်းအားသွင်းတာဟာ အရမ်း အန္တရာယ်များပြီး ဖုန်းပူလာရင် မီးလောင်တတ်ပါတယ်။

“အိပ်ယာထဲမှာ ဖုန်းအားသွင်းရင် ဖုန်းက ပူလာပြီး မီးလောင်တတ်ပါတယ်။ ဒါက အိမ်မှာရှိနေတဲ့ ကလေးတွေ ဆယ်ကျော်သက်တွေ လူတွေအားလုံးအတွက် အရမ်းကို အန္တရာယ်များတယ်”လို့ New Hamsphire မီးသတ်ဌာန Facebook Page မှာရေးသားထားပါတယ်။

ဈေးသက်သာတဲ့ အားသွင်းကြိုးတွေနဲ့ အားသွင်းတာတို့၊ ဖုန်းအရမ်းပူလာတို့ဆိုရင် ဖုန်းပေါက်ကွဲတတ်သလို အ၀တ်စတွေမှာလည်း မီးစွဲတတ်ပါတယ်။

သတိထားသင့်တဲ့ အချက်များ

ဖုန်းအားသွင်းနေရင် ဖုန်းမသုံးပါနဲ့။

ဖုန်းကို အားပြည့်ပေမယ့် ဆက်တိုက် အားဆက်သွင်းထားတာမျိုးမလုပ်ပါနဲ့။

ဖုန်းအားသွင်းနေချိန် ဖုန်းဘေးမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ မထားပါနဲ့။

ဆိုဖာပေါ် သို့မဟုတ် အိပ်ယာပေါ်မှာ ဖုန်းကို ဘယ်တော့မှ အားမသွင်းပါနဲ့။