Elon Musk က လူ့ ဦးနှောက်မှာ Chip ထည့်သွင်းကာ ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို တီထွင်ဖို့ Neuralink ကုမ္ပဏီကို တည်ထောင်ထားပါတယ်။

အခုတော့ Elon Musk က အဲဒီ Wireless Brain Chip ကို လူ့ ဦးနှောက်မှာ ပထမဆုံး အကြိမ် ထည့်သွင်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ အဲဒီ လူဟာ ကျန်းမာရေး ကောင်းမွန်နေပြီး Musk က အစောပိုင်း ရလဒ်တွေက ကောင်းနေတယ်လို့ X (Twitter) မှာ ရေးသားထားပါတယ်။

Neuralink ဟာ အမေရိကန် FDA ထံကနေ လူ့ ဦးနှောက်မှာ Chip ထည့်သွင်းခွင့်ကို ပြီးခဲ့တဲ့နှစ်မှာ ရရှိခဲ့ပါတယ်။ ဒီလို ခွင့်ပြုချက်ရဖို့ဆိုတာ မလွယ်ကူဘဲ ဒါဟာ Neuralink အတွက် ကြီးမားတဲ့ သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။

Neuralink က အဲဒီ Chip ကို Telepathy လို့ အမည်ပေးထားပြီး Musk က ဦးနှောက်ကနေ စဉ်းစားလိုက် သို့မဟုတ် အမိန့်ပေးလိုက်တာနဲ့ ဖုန်းနဲ့ ကွန်ပြူတာကို ထိန်းချုပ်နိုင်တယ်လို့ ပြောပါတယ်။ သူက “ ဦးနှောက်ကနေ စဉ်းစားလိုက် သို့မဟုတ် အမိန့်ပေးလိုက်တာနဲ့ ဖုန်းနဲ့ ကွန်ပြူတာ အပြင် Device အားလုံးနီးပါးကို ထိန်းချုပ်နိုင်ပါတယ်။

လက် ဆုံးရှုံးထားသူတွေကို အစောဆုံး အသုံးပြုခွင့်ပေးမှာပါ။ စတီဖင်ဟောကင်း စာရိုက် စကားပြောတာထက် ဒီနည်းပညာက ပိုမြန်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရည်မှန်းချက်ပါပဲ။ “ လို့ ပြောပါတယ်။

ဒီနည်းပညာဟာ အကြောသေနေလို့ ကိုယ်လက်အင်္ဂါ မလှုပ်ရှားနိုင်သူတွေအတွက်လည်း အသုံးဝင်မှာ ဖြစ်ပါတယ်။ မကြာခင်ကပဲ အမေရိကန်မှ သုတေသနပညာရှင်တွေဟာ အလားတူ နည်းပညာကို အသုံးပြုကာ လူ့ ဦးနှောက်မှ ပြောလိုက်တဲ့ စကားတွေကို စာသား နဲ့ အသံဖိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

Ref : inceptivemind