Canalys ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ အစီရင်ခံစာမှာ Foldable စမတ်ဖုန်းဈေးကွက်ဟာ သိပ်မကြာတဲ့နှစ်တွေအတွင်း ပိုပြင်းတဲ့အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာမယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။ Foldable စမတ်ဖုန်းတွေဟာ ပိုပြီးရေပန်းစားလာမယ်ဆိုတာ သံသယဖြစ်စရာမရှိပေမဲ့ Canalys ရဲ့ ခန့်မှန်းချက်ကတော့ ရဲတင်းလွန်းတယ်လို့ပဲ ဆိုရပါလိမ့်မယ်။

Canalys ရဲ့ အစောပိုင်းခန့်မှန်းချက်အဖြစ် Foldable ဖုန်းတွေရဲ့ နှစ်အလိုက်တင်ပို့မှုဟာ ၂၀၂၄ ခုနှစ်မှာ သန်း ၃၀ အထိဖြစ်လာမယ်လို့ ဖော်ပြထားတာပါ။ အဓိပ္ပါယ်က ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်ကြား နှစ်အလိုက်တိုးတက်မှုနှုန်း (CAGR) ဟာ ၅၃% ဖြစ်တယ်ဆိုတာပါပဲ။

တစ်ချိန်တည်းမှာပဲ Foldable ဖုန်းတွေရဲ့ ပျမ်းမျှရောင်းဈေး (ASP) ကလည်း ၂၀၂၄ မှာတော့ ၂၀၁၉ ဈေးနှုန်းကနေ တစ်ဝက်နီးပါးလျော့ကျသွားတဲ့ ဈေးနှုန်းအဖြစ် $1,000 ဝန်းကျင်ကို ရောက်ရှိသွားမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ Foldable segment ဟာ ၂၀၂၁ ခုနှစ်အတွက် စုစုပေါင်းတင်ပို့မှု ခန့်မှန်းခြေ ၈.၉ သန်းဖြစ်တာကြောင့် နှစ်အလိုက်တိုးတက်မှုနှုန်းက ၁၄၈% တိုးတက်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ပုံမှန်စမတ်ဖုန်းဈေးကွက်ကလည်း အလားတူကာလအတွက် ၇ ရာခိုင်နှုန်းတိုးတက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရီမီယံ Android ဖုန်းတွေ တင်ပို့ရောင်းချရမှုဟာ ၂၀၁၉ ခုနှစ်မှာ တန်ဖိုးတွေနဲ့နှိုင်းယှဉ်ရင် ၁၈% အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါကြောင့် Android ထုတ်လုပ်သူတွေဟာ အလားတူကာလမှာ ၆၈% နှုန်းအထိ တိုးမြင့်လာတဲ့ Apple နဲ့ရင်ဆိုင်ဖို့အတွက် Foldable သစ်တွေနဲ့ပဲ ဝယ်လိုအားကိုမြှင့်တင်သွားဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena