Funtouch OS လို့ပြောလိုက်တာနဲ့ Vivo ရဲ့ OS မှန်း သိကြပါလိမ့်မယ်။ နောက်ဆုံးပေါ်ဗားရှင်းကတော့ Funtouch OS 11 ပါ။ OS သစ်ကို Vivo V20 မှာရတယ်ဆိုပေမယ့် အခုထိတော့ ကျကျနန ဖြန့်ချိပေးထားတာမျိုးကို မတွေ့ရသေးပါဘူး။ ဒီအတွက် နည်းပညာအသိုင်းအဝန်းနဲ့ Vivo သုံးစွဲသူတွေက စောင့်မျှော်နေကြပါတယ်။

အခု နောက်ဆုံးတွေ့ရတာကတော့ Vivo ဟာ သူတို့ OS သစ်ရဲ့ Feature တွေကို Vivo ဟောင်ကောင်ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းထားတာပါပဲ။ Funtouch OS 11 ဟာ Feature သစ်တွေအချို့ကို ယူဆောင်လာပေမယ့် ဒီဇိုင်းကတော့ အဖြူရောင်အခြေခံထားတာကိုပဲ ဆက်ပြီးဆွဲကိုင်ထားတုန်း ဖြစ်ပါတယ်။

အခုထိ တွေ့မြင်ရသလောက်ဆိုရင် Vivo ဟာ သူ့ရဲ့ App တွေကို တူညီတဲ့အခြေခံဒီဇိုင်းအောက်မှာပဲ ထားရှိတာ ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံမှာ စာသားတွေနဲ့ Shape တွေကတော့ အနက်ရောင်နဲ့ အပြာရောင်တွေ ဖြစ်ကြပါတယ်။ Always On Display Feature ကတော့ Funtouch OS 11 မှာ ပိုပြီးတိုးတက်လာပြီလို့ သိရပါတယ်။

အသုံးပြုသူတွေဟာ အရောင်အမျိုးမျိုးနဲ့ Dynamic light effects တွေကိုယူပြီး မတူညီတဲ့ စိတ်ကြိုက်ချိန်ညှိမှုတွေပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Gallery app ကလည်း Memories လို့ခေါ်တဲ့ Album သစ်နဲ့ ဖြစ်ပါတယ်။ Memories ထဲမှာ ဓါတ်ပုံတွေကို အချိန်၊ နေရာ၊ အဖြစ်အပျက်၊ ရင်းနှီးဆက်နွယ်မှု အဆင့်သတ်မှတ်ချက်တွေနဲ့ အုပ်စုတွေဖွဲ့ထားလို့ ရပါတယ်။

ဗီဒီယိုတည်းဖြတ်ဖို့အတွက် AI Editor လည်း ပါဝင်လာပြီး iManager ကိုလည်း ပိုပြီး အဆင့်မြှင့်တင်ပေးထားတယ်လို့ သိရပါတယ်။ S-capture ကတော့ Lasso mode, Rectangular mode တွေအပြင် Screenshot မှာ doodle လုပ်ရာမှာ ပိုပြီးတိုးတက်လာတယ်လို့ ဆိုပါတယ်။ Screen Recording feature ကတော့ မိုက်ခရိုဖုန်းကတစ်ဆင့် အသုံးပြုသူရဲ့အသံကိုပါ ဖမ်းယူမှတ်တမ်းတင်ရာမှာ ပိုပြီးတိုးတက်လာပါတယ်။

Game Picture-in-Picture လိုမျိုး Ultra Game Mode, Esports mode အပြင် Real-time adaptive frame rate ရစေပြီး ဂိမ်းစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးမယ်လို့လည်း သိရပါတယ်။ အခုအချိန်ထိတော့ UI သစ်ကို ဘယ်အချိန်မှာမိတ်ဆက်မယ်ဆိုတဲ့အကြောင်း Vivo က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဒီနှစ်မကုန်ခင်မှာ နောက်ထပ်အသေးစိတ်အချက်အလက်တွေ သိလာရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina