XDA Developers တွေဟာ နှိုက်နှိုက်ချွတ်ချွတ် လေ့လာစုံစမ်းနိုင်ကြတဲ့နေရာမှာတော့ တကယ့်ကို ဆရာတွေချည်းပါပဲ။ အခုလည်း သူတို့ဟာ Galaxy Watch 3 Plugin app ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကို ဆွဲထုတ်လာပြန်ပါတယ်။

Galaxy Watch 3 နဲ့ပတ်သက်တဲ့တွေ့ရှိချက်တွေဟာ Hardware features, ဒီဇိုင်းပိုင်း၊ ဒါမှမဟုတ် Physical rotating bezel တွေနဲ့လည်းသက်ဆိုင်ခြင်းမရှိပါဘူး။ Hands Gestures တွေနဲ့ သက်ဆိုင်တဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။ ရင်းမြစ်တွေက ဖော်ပြချက်အရ Galaxy Watch 3 ဟာ ဖုန်းခေါ်ဆိုခြင်းနဲ့ ဖြေဆိုခြင်းအတွက် လက်ဟန်အမူအရာတွေကို ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

ဥပမာအားဖြင့် ဖုန်းဖြေဆိုဖို့အတွက် လက်သီးဆုပ်ကို ဖြန့်ပြလိုက်တဲ့အမူအရာကို Galaxy Watch က သိရှိနားလည်လိမ့်မယ်လို့ ဆိုပါတယ်။ Watch မှာ မိုက်ခရိုဖုန်းနဲ့ စပီကာလည်း တပ်ဆင်ပေးထားတာကြောင့် နာရီကနေတစ်ဆင့် တိုက်ရိုက် ပြောဆိုခြင်းလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အခြားတစ်ဘက်မှာတော့ လက်ကိုလှုပ်ခါလိုက်ခြင်းက ခေါ်ဆိုမှုကို ပယ်ချလိုက်တဲ့ လက်ဟန်အမူအရာဖြစ်ပါတယ်။ ဒါဟာ လက်မအားတဲ့အချိန်၊ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မျိုးမှာ အသုံးဝင်နိုင်ပါလိမ့်မယ်။ နောက်ထပ်စိတ်ဝင်စားစရာအချက်က လဲပြိုတာ၊ ဒါမှမဟုတ် ပြုတ်ကျတာမျိုးဖြစ်လာတဲ့အခါ နာရီဟာ အချိန်ရေတွက်ပြီး အသုံးပြုသူက တစ်မိနစ်အတွင်း တုံ့ပြန်ခြင်းမရှိခဲ့ရင် SOS ခေါ်ဆိုမှု၊ ဒါမှမဟုတ် အရေးပေါ်ဆက်သွယ်မှုကို ပြုလုပ်မယ်လို့ သိရပါတယ်။

Ref: GSMArena