လာမယ့် မတ်လ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်းမှာ San Francisco မှာရှိတဲ့ Moscone Center မှာကျင်းပဖို့စီစဥ်ထားတဲ့ Game Developers Conference (GDC) 2020 ဟာ အခုအချိန်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရားဝင်ရွေ့ဆိုင်းလိုက်ပါပြီ။

အဆိုပါ GDC Event ဟာပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ထဲက ဆက်တိုက်ပြုလုပ်နေကြဖြစ်သလို Game ကုမ္ပဏီတွေကလည်း နည်းပညာအသစ်တွေနဲ့ ဂိမ်းအသစ်တွေကို ထုတ်ပြနေကြဖြစ်ပါတယ်။ GDC Organizer တွေကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကအထိကို GDC 2020 Event ကို ရွေ့ဆိုင်းမှာမဟုတ်ဘူးဆိုပြီး တင်းခံနေတာလည်းဖြစ်ပါတယ်။

အခုလိုမျိုး နောက်ဆုံးမှာ GDC အနေနဲ့ ရွေ့ဆိုင်းလိုက်ရတာက Sony ၊ Facebook ၊ Electronic Arts ၊ Kojima Productions ၊ Unity ၊ Amazon နဲ့ Epic လို ကုမ္ပဏီကြီးတွေအကုန်လုံးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် တက်ရောက်မှာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် GDC Organizer တွေရဲ့ ပြောကြားချက်အရတော့ လာမယ့် နှစ်ကုန်ပိုင်းလောက်မှာ ပြန်လည်ပြုလုပ်နိုင်အောင်ကြိုးစားသွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး GDC ကို ရွေ့ဆိုင်းလိုက်တဲ့အတွက် လက်မှတ်ဖိုးတွေအကုန်လုံးကို ပြန်လည်ငွေထုတ်ပေးသွားမှာဖြစ်ပြီး တက်ရောက်ပြောကြားဖို့စီစဥ်ထားတဲ့ Speaker တွေနဲ့ Event တွေကိုလည်း မဖျက်သိမ်းနိုင်ရင် Online ကနေ ပြုလုပ်သွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် GSMA ရဲ့ MWC Event လိုမျိုး လက်မှတ်ဖိုးတွေကို ပြန်မထုတ်ပေးတာနဲ့ယှဥ်မယ်ဆိုရင်တော့ GDC Organizer တွေက ပိုပြီးစနစ်ကျတယ်လို့ ချီးကျူးရမှာပါ။

GDC Event ဟာ Game အတွက်သီးသန့်ဖြစ်ပေမယ့် တက်ရောက်သူများပြားပြီးတော့ မနှစ်တုန်းကဆိုရင် စံချိန်တင်တက်ရောက်သူပေါင်း ၂၉,၀၀၀ ကျော်အထိ ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့်ရွေ့ဆိုင်းလိုက်ရတာက စိတ်မကောင်းစရာပါ။

Ref – The Verge