Google app မှာ တရားဝင် Dark Mode သုံးနိုင်တာက Android 10 မောင်းနှင်ထားတဲ့ Pixel ဖုန်းတွေပဲဖြစ်ပါတယ်။ ကျန်တဲ့ Android ဖုန်းတွေလည်း Dark Mode သုံးချင်ပေမယ့် Google က ထုတ်မပေးသေးတာကြောင့် စောင့်ဆိုင်းနေခဲ့ကြရတာပါ။ အခုတော့ Android အားလုံးမှာ သုံးနိုင်ပြီ ဖြစ်ပါတယ်။

Google ဟာ Google App beta version ထည့်သွင်းထားတဲ့ Android အသုံးပြုသူတိုင်း Dark Mode သုံးနိုင်ပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Dark Mode ဟာ Android ဖုန်းရဲ့ UI က အဖြူရောင်နောက်ခံနဲ့ စာသားအနက်တွေကို ပြောင်းပြန်အဖြစ် အနက်ရောင်နောက်ခံနဲ့ အဖြူရောင်စာသားအဖြစ် ပြောင်းလဲပေးလိုက်မှာ ဖြစ်ပါတယ်။

Dark Mode ဖွင့်ထားတယ်ဆိုရင် အလင်းစူးစူးထွက်နေတဲ့ အဖြူရောင်နောက်ခံဟာ အသုံးပြုသူရဲ့ မျက်လုံးကို ထိခိုက်စေမှု လျှော့ချပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ညအချိန် အလင်းရောင်နည်းတဲ့အခန်းထဲမှာ အသုံးပြုဖို့ သင့်တော်တဲ့ လုပ်ဆောင်ချက်လို့လည်း ဆိုရမှာပါ။

Dark Mode ရဲ့ နောက်ထပ်အားသာချက်တစ်ခုက AMOLED မျက်နှာပြင်သုံး စမတ်ဖုန်းတွေအတွက် ဘက်ထရီသက်တမ်းကို ကြာရှည်စေနိုင်တာပါ။ ဒီအားသာချက်ကို အသုံးမချနိုင်တဲ့ ဟန်းဆက်တွေဆိုရင်တောင် မျက်လုံးထိခိုက်မှုကို လျှော့ချစေနိုင်တဲ့အတွက် အတော်များများက Dark Mode ကို လိုလားနေကြတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena