Android အတွက် Google app ရဲ့ ပြည့်စုံကျယ်ပြန့်တဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုမှာ Google Assistant feature ကို ပိုပြီးတော့ ကောင်းမွန်အောင် ပြုလုပ်နိုင်ဖို့ အလားအလာရှိတဲ့အစီအစဉ်တွေ ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ APK ထဲကို Deep dive လုပ်တာဟာ အမြဲတမ်း တိကျတဲ့အဖြေကိုရမှာမဟုတ်သလို အနာဂတ်ဗားရှင်းတွေကလည်း ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် Google ဟာ သူ့ရဲ့ Smart Assistant Experience ကို ရှေ့လျှောက် ပိုပြီးတိုးတက်လာ၊ ကောင်းမွန်လာအောင်လို့ နောက်ထပ်ကြီးမားတဲ့ခြေလှမ်းကြီးတစ်ရပ်ကို လှမ်းဖို့အစပြုနေတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ အခုသိရှိရသလောက်မှာလည်း Experience သစ်ဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ပိုပြီးကောင်းမွန်တဲ့ Google Assistant Experience အတွက်ရွေးချယ်ဝင်ရောက်ခဲ့မယ်ဆိုရင် စနစ်ဟာ အသုံးပြုသူရဲ့ ကိုယ်ပိုင်အသံကို ပိုပြီး သိမှတ်နားလည်လာစေဖို့အတွက် “Personalized speech recognition” ဖြစ်စေဖို့အတွက် သိမ်းဆည်းပြီး ပိုင်းခြားစိတ်ဖြာပေးမယ်လို့ သိရပါတယ်။

သုံးစွဲသူတွေရဲ့ အသံနဲ့ အသုံးများတဲ့စကားလုံးတွေဟာ Google Assistant နဲ့ ရင်းနှီးလာမှာဖြစ်ပြီး အသုံးပြုသူရဲ့ အသံကို သိမ်းဆည်းခြင်းနဲ့ ပိုင်းခြားစိတ်ဖြာခြင်းကနေ တုံ့ပြန်ချိန်နဲ့ တိကျမှုကို ပိုပြီးကောင်းမွန်စေတဲ့ ရလဒ်ဖြစ်ပေါ်လာစေမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခြားအသုံးပြုသူတွေရဲ့ စကားပုံစံနမူနာတွေ၊ အကျဉ်းချုပ်တွေကိုလည်း တစ်စုတစ်စည်းတည်း ခွဲခြမ်းစိတ်ဖြာပေးမှာဖြစ်ပြီး အဆိုပါ Assistant ဟာ Google ရဲ့ ဆာဗာတွေကိုလည်း ဝင်ရောက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အသုံးပြုသူရဲ့ အသံနဲ့ စကားလုံးတွေကို သိမ်းဆည်းထားမယ်ဆိုပေမဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ လုံခြုံစိတ်ချရမှုအတွက် ဒီအသံကို ဘယ်နေရာမှာ သိမ်းထားမယ်ဆိုတဲ့ ရွေးချယ်မှုပြုဖို့၊ မပြုဖို့ အခွင့်အရေး ပေးလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena