Google ကနေ နှစ်စဥ်ကျင်းပနေကြ ကုမ္ပဏီရဲ့ အကြီးမားဆုံး Event လည်းဖြစ်တဲ့ Google I/O Developer Conference 2020 ကို ယခုနှစ်မှာပြုလုပ်မှာမဟုတ်တော့ဘူးဆိုပြီး တရားဝင်ကြေညာလိုက်ပါပြီ။ ဒါကလည်း တခြားသော Event တွေဖျက်သိမ်းသလိုမျိုးပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲဖြစ်ပါတယ်။

Google I/O ဟာ လာမယ့် မေလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း Google ရဲ့ Head Office တည်ရှိရာ Shoreline Amphitheatre ၊ California မှာ ပြုလုပ်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အဆိုပါ Google I/O Event ဟာဆိုရင် ပုံမှန် Google ကနေ ဆောင်ရွက်သွားဖို့ရှိနေတဲ့ Feature အသစ်တွေနဲ့ Android Version အသစ်အကြောင်းကို ပုံမှန်မိတ်ဆက်နေကြဖြစ်သလို ပြီးခဲ့တဲ့နှစ်တုန်းက Pixel 3a Series ဖုန်းတွေကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုးဖျက်သိမ်းလိုက်ရတဲ့အပေါ်ကိုတော့ Google ဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အပေါ် စိုးရိမ်ပူပန်မှုတွေကြောင့်နဲ့ CDC ၊ WHO နဲ့ တခြားသော ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ လမ်းညွန်မှုကို လိုက်နာပြီး အခုလိုမျိုး Physical Google I/O Event ကို ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Google နဲ့ Alphabet ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Sundar Pichai ကတော့ ယခုသတင်းအပြီးမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လုပ်ငန်းအချင်းချင်း အဆက်အသွယ်မပြတ်တောက်စေဖို့ရည်ရွယ်ပြီး Advanced Hangouts Meet Video-conferencing Tool တွေကို လာမယ့် ဇူလိုင်လ ၁ ရက်နေ့အထိ G Suite User အားလုံးအတွက် အခမဲ့သုံးစွဲနိုင်မှာဖြစ်တယ်လို့လည်း ကြေညာသွားခဲ့ပါတယ်။

Google ဟာ ဒီလိုမျိုး Google I/O Event ကို ဖျက်သိမ်းလိုက်ပေမယ့် Developer တွေကို ဆက်သွယ်ပြီးတော့ I/O ကို Online သို့မဟုတ် Virtual ပုံစံပြုလုပ်သွားဖို့အတွက် တခြားသောနည်းလမ်းတွေရှာဖွေနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတာကို တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Google ရဲ့ ပြောကြားချက်အရတော့ လာမယ့် မတ်လ ၁၃ ရက်နေ့ကနေစတင်ပြီး Googe I/O လက်မှတ်ဝယ်ယူထားတဲ့သူတွေအားလုံး ပြန်အမ်းငွေကိုရရှိမှာဖြစ်ပြီး နောက်နှစ် Google I/O 2021 အတွက် တက်ရောက်ခွင့်လက်မှတ်ကိုပါ အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် Mobile World Congress ကစတင်ပြီး ယခု Google I/O အပါအဝင် Facebook F8 ၊ Game Developer Conference နဲ့ တခြား Event တွေအများအပြားဆက်တိုက်ကို ဖျက်သိမ်းနေကြတာပဲဖြစ်ပါတယ်။

Ref – The Verge