Google ဟာ လွန်ခဲ့တဲ့ရက်ပိုင်းကမှ Android 13 Beta 3 ကို သဟဇာတဖြစ်နိုင်မဲ့ Pixel Device တွေအတွက် ထုတ်ပေးခဲ့တာပါ။ တိတိကျကျပြောရရင် ဇွန်လ ၈ ရက်နေ့တုန်းကပါ။ အခုတော့ ပြဿနာတစ်ခုကိုဖြေရှင်းပြီး Android 13 Beta 3.1 ကို ထပ်ထုတ်ပေးလိုက်ပြန်ပါပြီ။

Android 13 Beta 3.1 မှာ ဖြေရှင်းပေးထားတဲ့ပြဿနာက အသုံးပြုသူအချို့မှာ Android Beta Feedback app ပျောက်ဆုံးနေတာအတွက်ပါ။ Beta Program ရဲ့ အဓိကအချက်က သုံးစွဲသူတွေဆီကနေ Feedback ကို စုဆောင်းဖို့ပါ။ သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေပေါ်မူတည်ပြီး ပြင်ဆင်ဖြည့်စွက်တာတွေ ပြုလုပ်ရတာပါ။

ဒါပေမဲ့ အဓိကအချက်ဖြစ်တဲ့ Android Beta Feedback app က Beta 3 ကနေ ဘယ်လိုဘယ်ပုံပျောက်ဆုံးနေလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ Google က မြန်မြန်ဆန်ဆန်ပဲ ပြုပြင်ဖာထေးပြီး Beta 3.1 ကို ထုတ်ပေးလိုက်တော့မှ အများစုက ဒီ Error အကြောင်း သိလာကြတာပါ။ Beta 3.1 မှာ Feedback app ကိစ္စကလွဲရင် အခြားပြုပြင်ပြောင်းလဲထားတာတွေမပါဘူးလို့ Google က ပြောပါတယ်။

Android 13 Beta 3.1 ကို Pixel 4, Pixel 4 XL, Pixel 4a, Pixel 4a 5G, Pixel 5, Pixel 5a, Pixel 6 နဲ့ Pixel 6 Pro တို့အတွက် ရယူနိုင်တယ်လို့ သိရပါတယ်။ အသုံးပြုသူဟာ Android 13 Beta program အတွက် စာရင်းသွင်းထားပြီး စက်ပေါ်မှာ Beta 3 run နေတယ်ဆိုရင် Build number TPB3.220513.017.B1 နဲ့ Beta 3.1 OTA ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

Ref: GSM Arena