Google ရဲ့ Pixel 4 Series ဖုန်းတွေဟာ Google Pixel ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Fingerprint Sensor အစား Face Unlock စနစ်ကို ပြောင်းလဲအသုံးပြုလာတဲ့ဖုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် စတင်မိတ်ဆက်တဲ့အချိန်မှာ အဆိုပါ Face Unlock နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။

ဒါကတော့ Google Pixel 4 Series ဖုန်းတွေမှာပါဝင်တဲ့ Face Unlock စနစ်ဟာ 3D IR Face Unlock နည်းပညာဖြစ်ပေမယ့် မျက်လုံးပိတ်ထားလည်း Unlock ပြုလုပ်လို့ရနေတာဖြစ်ပါတယ်။ ဒါက Apple iPhone တွေနဲ့ယှဥ်ရင် အားနည်းချက်တစ်ခုဖြစ်လာပြီးတော့ Google အနေနဲ့လည်း အဆိုပါ ပြဿနာကိုဖြေရှင်းပေးသွားမယ်လို့ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ Pixel 4 ဖုန်းတွေရဲ့ Face Unlock Setting မှာ “Require eyes to be open” ဆိုတဲ့ Setting အသစ်တစ်ခုကို ထည့်သွင်းပေးလာတယ်လို့ သိရပါတယ်။ ယခုသတင်းကို Android Police ကနေ ဖော်ပြလာခဲ့တာဖြစ်ပြီး Pixel 4 ဖုန်းအသုံးပြုသူအများအပြားမှာ အဆိုပါ Setting ကို တွေ့လာရတာဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာ အဆိုပါ “Require eyes to be open” ဆိုတဲ့ Setting ကို အသုံးပြုလို့မရသေးပါဘူး။ အဲ့ဒီအတွက် Google အနေနဲ့ စတင်စမ်းသပ်နေပြီးတော့ မကြာခင်မှာ တရားဝင် Update လုပ်ပေးသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Pixel 4 ဖုန်းတွေထွက်ရှိတာအချိန်အနေနဲ့ ၅ လ ဝန်းကျင်လောက်ရှိသွားပြီဖြစ်တဲ့အတွက် အချိန်တော်တော်ကြာမှ Face Unlock ကို ပြင်ဆင်ပေးနိုင်တာကတော့ သိပ်ပြီးအားရစရာမကောင်းဘူးလို့ပဲပြောရမှာပါ။

Ref – GSM Arena