ပြီးခဲ့တဲ့နှစ်က Google ရဲ့ Phone App ဟာ Call Recording feature သစ်ကို မိတ်ဆက်ခဲ့ပေမယ့် ဒီလုပ်ဆောင်ချက်ဟာ Pixel device တွေမှာပဲ အလုပ်လုပ်တာဖြစ်ပါတယ်။ အခြားအမှတ်တံဆိပ်နဲ့စမတ်ဖုန်းဆိုရင် Nokia နဲ့ Xiaomi တို့ရဲ့ Device အချို့မှာ အလုပ်လုပ်တာကို တွေ့ရပါတယ်။

Call Recording feature ဟာ ဖုန်းခေါ်ဆိုနေစဉ်အချိန်အတွင်း မျက်နှာပြင်ပေါ်မှာ အသံသွင်းတဲ့ခလုတ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ နှစ်ဖက်စလုံးက ပြောဆိုမှုတွေကို အသံဖမ်းယူထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပေါ်ဗားရှင်း (Google Phone App version 59) မှာတော့ ပြောင်းလဲမှုတွေ ပါဝင်လာပါတယ်။

ဒီဗားရှင်းသစ်ကို XDA-Developer ရဲ့ ခွဲခြမ်းစိတ်ဖြာစိစစ်မှုအရ တွေ့ရှိရတာက အသုံးပြုသူရဲ့ Contact list ထဲမှာမရှိတဲ့ ဖုန်းခေါ်ဆိုမှု၊ အမည်မသိခေါ်ဆိုမှုတွေအတွက်လည်း မှတ်တမ်းတင်ထားခွင့်ပြုမယ်ဆိုတာပဲ ဖြစ်ပါတယ်။ String တစ်ခုမှာရေးသားထားတာကတော့ “သင်၊ ဒါမှမဟုတ် သင့်ခေါ်ဆိုမှုထဲက အခြားတစ်ဦးတစ်ယောက်ဟာ မှတ်တမ်းအတွက် သဘောတူညီဖို့ လိုအပ်ပါတယ်” ဆိုတာပဲ ဖြစ်ပါတယ်။

“စတင်ပြီး မှတ်တမ်းတင်ချိန်မှာ လူတိုင်းဟာ ကြိုတင်အကြောင်းကြားခြင်းကို ရရှိပါမယ်။ အပြန်အလှန်ပြောဆိုမှုတွေကို မှတ်တမ်းတင်ခြင်းနဲ့ပတ်သက်တဲ့ ဥပဒေတွေကိုလိုက်နာဖို့ တာဝန်ရှိပါတယ်။ အသံသွင်းမှတ်တမ်းတွေကို သင့်ဖုန်းပေါ်မှာသာ သိမ်းဆည်းထားပါတယ်” ဆိုပြီး ဖော်ပြထားပါတယ်။ အခြား String တစ်ခုမှာတော့ အလိုအလျောက်မှတ်တမ်းတင်ခြင်းကို သဘောတူညီမှုရှိ၊ မရှိ ရွေးချယ်နိုင်ကြောင်း ပြသထားပါတယ်။ တစ်ခုက “Always record” ဖြစ်ပြီး အခြားတစ်ခုကတော့ “Cancel” ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတွေ့ရှိမှုဟာ App teardown ကတစ်ဆင့် တွေ့မြင်ရတာသာဖြစ်ပြီး ဒီ Feature ကို လူထုကြားမှာ အမှန်တကယ် အသုံးပြုခွင့်ပေးမယ်၊ မပေးဘူးဆိုတာတော့ မသိရသေးပါဘူး။ တစ်ဖက်မှာလည်း Google က ဒီလို Feature မျိုး ထည့်သွင်းပေးမယ်ဆိုတဲ့အကြောင်းကို အတည်ပြုခြင်းမရှိသေးတာ ဖြစ်ပါတယ်။

Ref: GSM Arena