Google Pixel 4a ကို မေလမှာ ကြေညာမယ်လို့ ထင်ခဲ့ကြပေမယ့် ဇွန်လ၊ အဲဒီနောက်မှာ ဇူလိုင်လအထိ နောက်ဆုတ်သွားခဲ့ပါတယ်။ မကြာခင်က သတင်းအရ အောက်တိုဘာလ မတိုင်ခင်အထိ မိတ်ဆက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Google က ဘာမှ မပြောသေးပေမယ့် အခုတော့ Pixel 4a လို့ ထင်ရတဲ့ ဖုန်း ၁ လုံးကို အမေရိကန်က FCC မှာ မှတ်ပုံတင်လိုက်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

FCC မှာ မော်ဒယ်နံပါတ် ၃ ခုကို မှတ်ပုံတင်ထားပြီး G025N, G025M နဲ့  G025J တို့ ဖြစ်ပါတယ်။ နောက်ဆုံး ၁ လုံးက အမေရိကန် မော်ဒယ် ဖြစ်နိုင်ပြီး FCC မှာ အဲဒီဖုန်းမှာ ပါတဲ့ Wireless Bands စာရင်း အပြည့်အစုံကို ဖော်ပြထားပါတယ်။

အရင်က Pixel 4a ရဲ့ ဓါတ်ပုံတွေ ထွက်လာခဲ့ပြီး အဲဒီ ဖုန်းရဲ့ ဒီဇိုင်းကို သိခဲ့ရပါတယ်။  Snapdragon 730 SoC နဲ့ 6GB RAM ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ 64GB or 128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပြီး ၂၉၉ ဒေါ်လာ၊ ၃၄၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားနိုင်ပါတယ်။ မြန်မာငွေ ၄ သိန်း ၁ သောင်းနဲ့ ၄ သိန်း ၈ သောင်းလောက် အသီးသီး ရှိနိုင်ပါတယ်။

၅.၈၁ လက်မ FullHD+ OLED မျက်နှာပြင်နဲ့ 8MP Punch Hole ဆဲလ်ဖီး ကင်မရာ ထည့်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ 12.2MP Main ကင်မရာနဲ့ လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ 3,080mAh ဘက်ထရီ၊ 18W Charging နဲ့ USB-C Port ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gsmarena