Google Pixel 4a ရဲ့ သတင်းတွေထွက်နေတာ လပေါင်းများစွာ ကြာနေပါပြီ။ အခုလည်း ဩဂုတ်လ ၃ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ သတင်းထွက်လာပါတယ်။ ဒီဖုန်းကို ဇူလိုင်လမှာ ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် အခု‌တော့ ဩဂုတ်လကို နောက်ဆုတ်သွားတာလို့ လေ့လာဆန်းစစ်သူ Jon Prosser က ပြောပါတယ်။

Google ဟာ Pixel 4a ကို ဒီနှစ်လယ်မှာ မကြေညာတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ဒီနှစ်နှောင်းပိုင်းကျမှ Pixel 5 Series နဲ့အတူ ချပြမယ်လို့လည်း မကြာခင်က သတင်းထွက်နေခဲ့ပါတယ်။ Google ကိုယ်တိုင်က မသေချာ မရေရာ ဖြစ်နေနိုင်ပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေအရ Pixel 4a မှာ Snapdragon 730 SoC , 6GB LPDDR4X RAM နဲ့ 64GB UFS 2.1 Storage တွေ ပါလာနိုင်ပါတယ်။ Pixel ဖုန်းတွေမှာ microSD Card မစိုက်နိုင်တဲ့အတွက် 64GB ကတော့ နည်းတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီဖုန်းအတွက် Google က Android OS ကို နှစ်များစွာကြာ ထောက်ပံ့ပေးထားနိုင်ပြီး ကင်မရာ စွမ်းရည် မြင့်မားနိုင်ပါတယ်။ ၅.၈၁ လက်မ FHD+ AMOLED မျက်နှာပြင်နဲ့ 8MP Punch Hole ကင်မရာ ထည့်ထားနိုင်ပါတယ်။

အနောက်ဘက်မှာ 12.2MP Main ကင်မရာနဲ့အတူ အပို ကင်မရာ ၁ လုံးပါလာမှာဖြစ်ပြီး OIS ထောက်ပံ့ထားမှာပါ။ Dual SIM, 4G , WiFi 5, Bluetooth 5.0 တွေ ထည့်သွင်းထားနိုင်ပြီး အနောက်ဘက် လက်ဗွေရာ ကိရိယာ တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီက 3,080mAh ပဲ ထည့်ထားမယ်လို့ သိရပါတယ်။

Ref : gizchina