ပြီးခဲ့တဲ့ ဇူလိုင်လဆန်းတုန်းက Google Pixel 5 လို့ ယူဆရတဲ့ ဒီဇိုင်းဓါတ်ပုံတွေ ပေါ်ထွက်ခဲ့ပါတယ်။ အလားတူ စုစုပေါင်း ကင်မရာ သုံးလုံးတည်းပါဝင်တဲ့ Google Pixel 5 XL ရဲ့ Render ပုံတွေလည်း ဆက်တိုက်ဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ Google Pixel 5 ရဲ့ သတင်းတွေက ပြန်လည်ငြိမ်သက်ခဲ့ပါတယ်။

သြဂုတ်လဆန်းပိုင်းမှာတော့ Google Pixel 5 နဲ့ Pixel 4a 5G ဟန်းဆက်တွေရဲ့ Teaser ထွက်ပေါ်လာတာ တွေ့ရပြီး ဒီဟန်းဆက်တွေနဲ့ပတ်သက်တဲ့သတင်းတွေက ပြန်ပြီးလှုပ်လှုပ်ရှားရှား ဖြစ်လာကြပါတယ်။ Google ဟာ Mid-range ဟန်းဆက်တစ်ခုဖြစ်တဲ့ Pixel 4a ကို ဒီလဆန်းကတည်းက မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။

Pixel 5 နဲ့ Pixel 4a 5G ဗားရှင်းကိုလည်း တစ်ပါတည်း ပြသခဲ့ပေမယ့် Teaser ပုံရိပ်တစ်ခုတည်းကိုပဲ မြင်တွေ့ခဲ့ရတာပါ။ အခုတော့ Jon Prosser က ဒီဟန်းဆက်နှစ်ခုစလုံးကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဖြန့်ချိလိမ့်မယ်လို့ ဟောကိန်းထုတ်ဖော်ပြလိုက်ပါပြီ။ ဒါကြောင့် သိပ်မကြာခင်ရက်တွေအတွင်း ဒီဟန်းဆက်နှစ်ခုနဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေ၊ အချက်အလက်တွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာဖွယ်ရှိနေပါတယ်။

လတ်တလော ပေါက်ကြားသတင်းတွေအရတော့ Pixel 5 ဟာ အနက်နဲ့ အစိမ်းရောင် ဆိုပြီး အရောင်နှစ်ရောင်ရှိတယ်လို့ သိရပါတယ်။ ဒီ အစိမ်းနဲ့ အနက် ရောင်တွေကို စက်တင်ဘာလ နောက်ဆုံးရက်မှာ မြင်တွေ့ရမှာဖြစ်ပြီး အောက်တိုဘာလထဲမှာတော့ Pixel 4a 5G အဖြူရောင်ကို မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

ဒီ Pixel ဟန်းဆက်နှစ်ခုစလုံးဟာ Pixel 4 စီးရီးရဲ့ ဒီဇိုင်းအတိုင်း သိပ်ပြီးကွဲပြားခြားနားမှု မရှိဘူးလို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Snapdragon 765G ကို အသုံးပြုထားမယ်လို့လည်း ဆိုထားပါသေးတယ်။ Pixel 5 XL ဗားရှင်းနဲ့ပတ်သက်ပြီးအတည်ပြုဖို့တော့ ခိုင်လုံတဲ့အချက်အလက်တွေ မရရှိသေးပါဘူး။

Pixel 5 နဲ့ Pixel 4a 5G တို့ကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အိုင်ယာလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ထိုင်ဝမ်နဲ့ သြစတြေးလျ ဈေးကွက်တွေမှာ ရရှိနိုင်မယ်လို့လည်း သိရပါတယ်။

Ref: GSM Arena