Google ဟာ အခုလအစောပိုင်းမှာ Pixel 4a ကို မိတ်ဆက်ခဲ့ပြီး သူ့ရဲ့ 5G ဗားရှင်းနဲ့ Pixel 5 ဟန်းဆက်တို့ကိုပါ Tease လုပ်ခဲ့ပါတယ်။ ဒီဖုန်းနှစ်ခုလုံးကို စက်တင်ဘာ ၃၀ ရက်နေ့မှာ မြင်ရမယ်လို့ သတင်းထွက်ထားပြီး အခုထိတော့ Google က ဘာအချက်အလက်မှ အတည်မပြုပေးသေးပါဘူး။ ဒါပေမယ့် Pixel 5 ရဲ့ CAD Render တွေ ထွက်ပေါ်လာခဲ့သလို Specs အချို့လည်း ထပ်ပေါက်ကြားလာခဲ့ပါပြီ။

Pixel 5 စမတ်ဖုန်းဟာ 8GB RAM / 128GB Storage တို့နဲ့ ထွက်ပေါ်လာမှာဖြစ်ပြီး Snapdragon 765G ချစ်ပ်ဆက် အသုံးပြုထားတယ်လို့ ဆိုပါတယ်။ Pixel 4a ရိုးရိုးမှာ SD730G ကိုသာ အသုံးပြုခဲ့ပေမယ့် Pixel 4a 5G ဗားရှင်းကလည်း SD765G ကိုပဲ အသုံးပြုလာမှာ ဖြစ်ပါတယ်။

Pixel 5 မှာ 90Hz Refresh Rate ထောက်ပံ့ပေးမယ့် 6” လက်မအရွယ် OLED Screen ပါဝင်ပြီး 4a 5G ထက် 0.2” ပိုသေးပါတယ်။ နှစ်ခုစလုံးမှာ FullHD+ Resolution ပါဝင်မှာပါ။ ဓါတ်ပုံပိုင်းမှာတော့ Pixel 5 ရဲ့နောက်ဘက်မှာ ပုံမှန်နဲ့ Ultra-wide Sensor နှစ်ခုပါဝင်တဲ့ Dual-camera ပါဝင်ပြီး Google ဟာ Pixel ဖုန်းတွေမှာ ပထမဆုံးအကြိမ် နောက်ဘက် Ultrawide Sensor ထည့်သွင်းလာခြင်း ဖြစ်ပါတယ်။

ရှေ့က သတင်းတွေမှာ Pixel 5 ဟာ 3,080 mAh ဘက္ထရီ အသုံးပြုမယ်လို့ ဆိုပေမယ့် အခု Leak ကတော့ ငြင်းဆိုထားပါတယ်။ ဘက္ထရီ အရွယ်အစားကို အတိအကျ မပြောထားပေမယ့် Pixel 4 ရဲ့ 2,800 mAh ထက်တော့ သိသိသာသာ ပိုကြီးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 15W Qi Wireless အားသွင်းစနစ်နဲ့ 5W Reverse အားသွင်းစနစ်တွေပါ ပါမယ်လို့ ဆိုပါတယ်။

Pixel 4a 5G ဟန်းဆက်ကို ဒေါ်လာ ၄၉၉ (မြန်မာငွေ ၆ သိန်း ၈ သောင်း) နဲ့ရောင်းချဖို့ Google က အတည်ပြုပေမယ့် Pixel 5 ရဲ့ စျေးနှုန်းကိုတော့ မသိရသေးပါဘူး။ ဒီဖုန်းနှစ်လုံးကို မိတ်ဆက်ဖို့ တစ်လလောက် လိုသေးတာကြောင့် စက်တင်ဘာလ ထဲမှာ အချက်အလက်တွေ ထပ်ပြီး သိလာရဦးမှာပါ။

Ref – GSMArena