Google ဟာ သူတို့ရဲ့ မျိုးဆက်သစ် Flagships တွေဖြစ်တဲ့ Pixel 6 နဲ့ Pixel 6 Pro တို့ရဲ့အကြောင်းကို တစ်ဝက်လောက် တရားဝင်ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပေမဲ့ အမှန်တကယ်မိတ်ဆက်လာမှာက ဆောင်းဦးပေါက်ကာလ အတွင်းမှဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ရက်တုန်းက Mid-range Pixel 5a ကို တရားဝင် မိတ်ဆက်ခဲ့သလို လာမဲ့ Pixel 6 စီးရီးနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း ထပ်မံဖော်ပြခဲ့ပါသေးတယ်။ ဒီအချက်အလက်တွေထဲမှာ Pixel 6 နဲ့ Pixel 6 Pro တို့ကိုလည်း ဘူးထဲမှာ Charger မထည့်ပေးဘဲနဲ့ ရောင်းချမယ်ဆိုတဲ့အကြောင်း ပါဝင်လာခဲ့ပါတယ်။

အခုတော့ Apple, Samsung တို့အပြင် Google လည်း Charger မပါဘဲရောင်းချတဲ့လမ်းစဉ်ကို လိုက်လာတာကို တွေ့မြင်ရပါပြီ။ ဒီအတွက် Pixel 5a ဟာ ဘူးထဲမှာ Charger ထည့်သွင်းပေးထားတဲ့ Google ရဲ့ နောက်ဆုံးဟန်းဆက် ဖြစ်လာပါလိမ့်မယ်။ Google ကတော့ လူအများစုမှာ USB-C charger တွေ ရှိနှင့်ပြီးသားဖြစ်တာကြောင့် အခုဆုံးဖြတ်ချက်ကို ဘယ်သူကမှ လက်ညှိုးထိုးထောက်ပြနေမှာမဟုတ်ဘူးလို့ The Verge ကို ပြောခဲ့ပါတယ်။

ဒီလိုမျိုး Charger မပါဝင်ဘဲ ရောင်းချတဲ့လမ်းစဉ်ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေ:အတွက်လား၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးအတွက်လားဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဒါပေမဲ့ အားသွင်းမြန်နှုန်းကို ဈေးကွက်ထိုးဖောက်ရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနေကြတဲ့ တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း ဒီလမ်းစဉ်ကိုလိုက်လာတာကတော့ စိတ်ဝင်စားစရာကောင်းနေတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena