Apple ကနေ မနှစ်တုန်းက စတင်ပြီး US နိုင်ငံအတွင်းမှာ ရောင်းချတဲ့ iPhone 14 Series ဖုန်းတွေမှာ Physical SIM Card Slot ကို လုံးဝဖြုတ်ချခဲ့ပါတယ်။ ဒါကြောင့် US နိုင်ငံတွင်းမှာ iPhone 14 Series ဖုန်းတွေကို ဝယ်ယူမယ်ဆိုရင် eSIM ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Physical SIM Card Slot ကို ဖြုတ်ချလိုက်တာက ယခုလာမယ့် စက်တင်ဘာလမှာ မိတ်ဆက်တော့မယ့် iPhone 15 Series ဖုန်းတွေပါ အတူတူဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးမှာ eSIM ကို ပြောင်းလဲအသုံးပြုနေခြင်းမရှိသေးတာကြောင့် US အပြင် တချို့သောနိုင်ငံတွေမှာပဲ ဖြုတ်ချလာနိုင်ပါတယ်။

Apple လိုမျိုးပဲ Google ကလည်း အစောပိုင်းထွက်ရှိထားတဲ့သတင်းတွေအရ Pixel 8 Series ဖုန်းတွေမှာ Physical SIM Card Slot ကို ဖြုတ်ချဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ အခုလို သတင်းထွက်လာတာက Render ဓါတ်ပုံတွေမှာ Pixel 8 Series ဖုန်းတွေက SIM Card ထည့်ဖို့အတွက် နေရာပါဝင်ခြင်းမရှိတာကြောင့် အဓိကဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလားတဲ့သတင်းအရ Pixel 8 Series ဖုန်းအကုန်လုံးဟာ Physical SIM Card Slot ကို ဆက်လက်ထည့်သွင်းသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို 9to5Google ကနေတစ်ဆင့်သိရှိခဲ့ရတာဖြစ်ပြီး Render တွေမှာ SIM Card Slot အတွက် သတင်းအတိအကျမရှိသေးတာကြောင့် ပါဝင်ခြင်းမရှိတာဖြစ်တယ်ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။


Google Pixel 8 Series ဖုန်းတွေကို လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ Google က တရားဝင်မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ အဆိုပါ Pixel 8 Series ဖုန်းတွေဟာ Google ရဲ့ ကိုယ်ပိုင် Tensor G3 Chipset အပြင် 120Hz AMOLED Display ၊ 50MP Main Camera နဲ့ 64MP Ultrawide Sensor ပါဝင်တဲ့ Camera Setup တွေအပြင် ယခင်ထက်ပိုမိုမြန်ဆန်တဲ့ Fast Charging စနစ်တွေပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China