Google ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Pixel Series ဖုန်းသစ်တွေကို နှစ်စဥ် နှစ်ကုန်ပိုင်းမှာ မိတ်ဆက်နေကြဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်မှာလည်း Google Pixel 8 Series ဖုန်းတွေကို ထပ်မံမိတ်ဆက်ဖို့ရှိနေပြီး လောလောဆယ်ခန့်မှန်းချက်တွေအရ အောက်တိုဘာလအတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။


အဆိုပါ Google Pixel 8 Series ဖုန်းတွေဟာ မိတ်ဆက်ဖို့အချိန်လိုနေသေးပေမယ့် Render ဓါတ်ပုံတွေအပြင် ပါဝင်လာမယ့် Feature တွေကလည်း တဖြည်းဖြည်းပေါက်ကြားနေပြီဖြစ်ပါတယ်။ အခုလည်း Google Pixel 8 Series မှာမှ စတင်ပါဝင်လာမယ့် Feature တစ်ခုကို Android Authority ကနေ ပြောကြားလိုက်ပါတယ်။

ဒါကတော့ Google Pixel 8 နဲ့ Pixel 8 Pro ဖုန်းတွေမှာ အသုံးပြုထားတဲ့ USB-C Port ဟာ ပုံမှန် အားသွင်းဖို့နဲ့ Data အကူးအပြောင်းအတွက်အပြင် Display Output ကိုပါ ထောက်ပံ့ပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Pixel 8 Series ဖုန်းတွေမှာ ကိုယ့် ဖုန်းမှာ ပြသနေတဲ့ ရုပ်ရှင်၊ Video တွေကို USB-C ကနေတစ်ဆင့် တခြား Monitor ၊ TV တွေကို အလွယ်တကူချိတ်ဆက်ပြသနိုင်တော့မှာဖြစ်ပါတယ်။

အခုလိုမျိုး USB-C ကနေ Display Output ရရှိနိုင်တာဟာ နည်းပညာအသစ်အဆန်းမဟုတ်တော့ဘဲ Samsung အပါအဝင် တခြားသော စမတ်ဖုန်းအတော်များများမှာ အသုံးပြုနိုင်ပြီးဖြစ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုစောင့်ကြည့်ရမှာက Pixel 8 Series ကြမှ အခုလို USB-C ကနေ Display Output ကို စတင် Support ပြုလုပ်မှာဖြစ်တဲ့အတွက် Google အနေနဲ့ Samsung DeX လိုမျိုး Desktop Mode Feature အသစ်ကို ထည့်သွင်းလာမလားဆိုတာပဲ ဖြစ်ပါတယ်။

Ref – 9to5Google