Google ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Pixel 4 Series စမတ်ဖုန်းတွေမှာ ဝေဖန်မှုအခံရဆုံးအချက်ကို ပြောပါဆိုရင် Battery Life ပိုင်းမှာ တခြားသောစမတ်ဖုန်းတွေထက် အားနည်းနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုကိုဆောင်ရွက်သွားဖို့ စီစဥ်နေပုံပါပဲ။

ဒါကတော့ Pixel ဖုန်းတွေရဲ့ Battery Management ပိုင်းနဲ့ သက်ဆိုင်ပြီးတော့ Android Code တွေကနေ Feature အသစ်တစ်ခုထည့်သွင်းလာနိုင်တယ်ဆိုတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ Feature ကိုတော့ “Ultra Low Power Mode” လို့နာမည်ပေးထားပြီးတော့ XDA Developers ကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ Ultra Low Power Mode ဟာ Google Pixel စမတ်ဖုန်းတွေမှာ Display ကို Grayscale ပြောင်းလဲသွားမယ့်အပြင် Wi-Fi နဲ့ Bluetooth တွေကို ပိတ်ပစ်တာ၊ ပြီးတော့ Essential App တွေကလွဲပြီး တခြားသော App တွေအသုံးပြုခွင့်ကို ပိတ်ပစ်တာတွေပြုလုပ်ပြီး Battery Life ကို ပိုပြီး ကြာကြာခံစေမှာဖြစ်ပါတယ်။ ဒါက တခြားသောစမတ်ဖုန်းတွေမှာ ပါဝင်ပြီးဖြစ်တဲ့ Feature တစ်ခုဖြစ်ပေမယ့် အခုအချိန်မှ Google ကနေ Pixel ဖုန်းတွေမှာ ထည့်သွင်းလာမယ့်ပုံစံပါပဲ။

လောလောဆယ်မှာတော့ Google Pixel ဖုန်းတွေမှာ Low Power Mode Feature ကိုထည့်သွင်းပေးထားပြီးတော့ အဆိုပါ Low Power Mode ဟာ Background App တွေနဲ့ Haptics တွေကိုပိတ်ပစ်တာလောက်ပဲ ပြုလုပ်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီ Ultra Low Power Mode ဟာ ယခင် Low Power Mode ကို အစားထိုးလာမလား၊ သီးသန့် နောက်ထပ် Feature တစ်ခုဖြစ်လာမလားဆိုတာကို ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Google