Android ဖုန်းတွေ၊ အထူးသဖြင့် ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျတ်ဖုန်းတွေဟာ များသောအားဖြင့် Specifications ပိုင်းနိမ့်တဲ့အတွက်ကြောင့် နောက်ဆုံးထွက် Android Version ကို အသုံးပြုနိုင်ခြင်းမရှိတာကို တွေ့ရမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ တန်ဖိုးသင့် ဘတ်ဂျတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး Android 8.1 Oreo ကို အခြေခံထားတဲ့ Android Oreo (Go Edition) ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အခု Android 8.1 ကို အခြေခံထားတဲ့ Android Go Edition Operating System က RAM 512MB ဒါမှမဟုတ် RAM 1GB ပဲ ပါဝင်တဲ့ အနိမ့်ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်ပေးထားတာဖြစ်ပြီးတော့ အဆိုပါ OS မှာ Google Apps နဲ့ Play Store ကလွဲပြီး အခြားမလိုအပ်တဲ့ Application တစ်ခုမှ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ RAM 1GB အောက်ဖုန်းတွေအတွက် Optimize ပြုလုပ်ထားတဲ့အတွက် ပုံမှန် Application တစ်ခုကို ဖွင့်ဖို့ ၁၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမယ်လို့ သိရပါတယ်။ System ပိုင်းမှာ မလိုအပ်တဲ့ Apps တွေအကုန်ဖယ်ထုတ်ထားတဲ့အတွက် System အနေနဲ့ နေရာယူမှုပိုင်းမှာလည်း တဝက်ခန့် သက်သာမယ်လို့ သိရပါတယ်။

ဘယ်လောက်တောင် Application တွေ ပါဝင်မှုနည်းပါးသလဲဆိုရင် Android Go OS မှာ Google Go, Google Assistant Go, YouTube Go, Google Maps Go, Gmail Go, Gboard, Google Play, Chrome နဲ့ Files Go စတဲ့ Application ၉ ခုပဲပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Software ပိုင်းကို လှစ်ဟင်းမှုမရှိခဲ့ပဲ အရေးကြီး Feature ဖြစ်တဲ့ Data Saver လိုမျိုး Feature တွေကို ဆက်လက်ထည့်သွင်းထားတာကို တွေ့ရှိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Android Go Edition ကိုထုတ်ပေးလိုက်တာက နောက်ပိုင်းမှာ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဘတ်ဂျတ်ဖုန်းတွေကို တွေ့လာရတော့မှာပါ။