Google ရဲ့ Fuchsia OS ဟာ ယခင်တုန်းက Android OS ကို အစားထိုးလာမယ့် OS တစ်ခုဖြစ်လာမလားဆိုပြီး စောင့်ဆိုင်းခဲ့ရတဲ့ OS တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ Google ကနေ အဆိုပါ Fuchsia OS အကြောင်းအသေးစိတ်ကို ပြောကြားထားခြင်းမရှိသေးပေမယ့် Smart Home Device တွေဖြစ်တဲ့ 1st Gen Google Nest Hub လိုမျိုးမှာ ပြောင်းလဲအသုံးပြုနေပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် Google Fuchsia OS ဟာ Android ကို အစားထိုးမယ့် OS တစ်ခုအစား Smart Home Device တွေအတွက် ပိုပြီးရည်ရွယ်ထားတဲ့ OS တစ်ခုလို့ လောလောဆယ်မှာ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတေ့ာ Google ကနေ Fuchsia OS အတွက် ပထမဆုံးကိုယ်ပိုင် App တစ်ခုကို ထုတ်ပေးတော့မှာဖြစ်ပါတယ်။

အဆိုပါ App ကတော့ Google Chrome Browser App ပဲဖြစ်ပြီး ယခုသတင်းကို Chromium Bug Tracker ကနေတစ်ဆင့် သိရှိခဲ့တာဖြစ်ပါတယ်။ Fuchsia OS မှာ အသုံးပြုနိုင်မယ့် Chrome Browser ဟာဆိုရင် လက်ရှိ Windows နဲ့ macOS အတွက် Chrome Browser အတိုင်း Feature အစုံအလင်ပါဝင်မှာဖြစ်ပြီး တခြားသော Device တွေနဲ့ပါ Sync ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

ဒီလိုမျိုး Google ကနေ Fuchsia OS အတွက် စတင်ပြီး Application တွေ ဆောင်ရွက်နေတာက နောက်ပိုင်းမှာ Fuchsia OS ကို ယခုထက်ပိုပြီး နေရာပေးလာဖို့အတွက် ဖြစ်နိုင်ပါတယ်။ လောလောဆယ်မှာတော့ Nest Hub လိုမျိုး Smart Home Device တွေမှာပဲ အသုံးပြုနေပေမယ့်လည်း နောက်ပိုင်းမှာ Chrome OS လိုမျိုး OS တစ်ခုအထိ ဖြစ်လာနိုင်ခြေရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်အချိန်အတွင်းမှာ Google ရဲ့ Fuchsia OS နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – 9to5Google