GoPro လို့ ဆိုလိုက်တာနဲ့ Action Camera စျေးကွက်ကို လုံးဝအပိုင်ယူထားနိုင်တဲ့ ကုမ္ပဏီတစ်ခုဆိုတာကတော့ လူတိုင်းသိကြမှာပါ။ GoPro ကနေ ထုတ်လုပ်ထားတဲ့ GoPro Action Camera တွေအကုန်လုံးဟာ စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးဖြစ်နေပြီးတော့ နှစ်တိုင်းလည်း ပိုကောင်းတဲ့ Generation အသစ်တွေကို မိတ်ဆက်နေတာဖြစ်ပါတယ်။

မကြာခင်မှာ GoPro ကနေ GoPro Hero 10 Black နာမည်နဲ့ Action Camera ကို မိတ်ဆက်ဖို့စီစဥ်နေပြီးတော့ အခုဆိုရင် ဓါတ်ပုံတွေအပြင် Specification တွေပါ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

GoPro Hero 10 Black Action Camera ဟာဆိုရင် Processor ပိုင်းမှာ စွမ်းဆောင်ရည်ပိုကောင်းလာတဲ့ GP2 Processor ကိုထည့်သွင်းပေးထားပါတယ်။ Video ရိုက်ကူးတဲ့အချိန်မှာလည်း 5.3K Resolution ရှိတဲ့ Video တွေကို 60fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပြီး Slo-mo Video တွေကိုလည်း 4K Video တွေကို 120fps နဲ့ပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 240fps Slo-mo Video တွေကို ရိုက်ကူးချင်တယ်ဆိုရင်လည်း 2.7K Resolution နဲ့ ရိုက်ကူးနိုင်စေဦးမှာပါ။ ဒါက ယခင် GoPro Hero 9 Black နဲ့ယှဥ်ရင် သိသိသာသာကို ပိုကောင်းမွန်လာတာဖြစ်ပါတယ်။

Image Sensor ပိုင်းမှာလည်း ယခင်တုန်းက အသုံးပြုထားတဲ့ 20MP Sensor ကနေ 23MP Sensor ကို အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ကတော့ In-Camera Software Stabilization ကိုလည်း HyperSmooth 4.0 အနေနဲ့ အဆင့်မြှင့်တင်ထားပြီး Time-lapse Video တွေအတွက်လည်း TimeWarp 3.0 ဆိုပြီး ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရသေးပေမယ့် လက်ရှိအချိန်မှာ GoPro Hero 9 Black ကို $399.99 နဲ့ရောင်းချနေတာကြောင့် အဆိုပါ စျေးနှုန်းဝန်းကျင်နဲ့ပဲ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Ref – The Verge