ChatGPT ရဲ့ နောက်မျိုးဆက် AI ဟာ GPT-5 ဖြစ်ပြီး အခုတော့ OpenAI ရဲ့ Chief Technology Officer ဖြစ်သူ Mira Murati က GPT-5 နဲ့ ပတ်သက်တဲ့ စွမ်းရည်တွေကို ပြောပြလာပါတယ်။

OpenAI CTO Mira Murati on stage answering questions.

Dartmoth Engineering နဲ့ အင်တာဗျူးမှာ Murati က GPT-4 ကနေ GPT-5 ကို အကူးအပြောင်းဟာ အထက်တန်းကျောင်းသား ကနေ တက္ကသိုလ် အဆင့်ရောက်သွားသလို ဖြစ်မယ်လို့ ပြောပါတယ်။

သူမက “ GPT-3 ဟာ ကလေးအဆင့် ဉာဏ်ရည်ရှိတယ်လို့ ပြောနိုင်ပါတယ်။ GPT-4 ကတော့ အထက်တန်းကျောင်းသား ဉာဏ်ရည် ဖြစ်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ Ph.D အဆင့် ဉာဏ်ရည်ကို ရရှိလာမှာ ဖြစ်ပါတယ်။ AI နည်းပညာဟာ အလွန်လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာနေပါတယ်။ “ လို့ ပြောပါတယ်။

အင်တာဗျူးမှာ Dartmoth Engineering က GPT-5 နောက်နှစ် ထွက်လာမလားလို့ မေးတဲ့အခါ Murati က ခေါင်းငြိမ့်ပြပါတယ်။ အဲဒီအတွက် GPT-5 ဟာ ၂၀၂၅ ခုနှစ် နှောင်းပိုင်းလောက်မှာ ထွက်လာနိုင်ပါတယ်။

အစပိုင်းက GPT-5 ဟာ ၂၀၂၃ ခုနှစ်‌နှောင်းပိုင်းမှာ ထွက်လာမယ်လို့ သတင်းထွက်ခဲ့ပေမယ့်မဖြစ်လာခဲ့ပါဘူး။ အဲဒီနောက်မှာ ဒီနှစ် နွေရာသီ နှောင်းပိုင်းမှာ ထွက်လာမယ်လို့ ထင်ခဲ့ကြပေမယ့် GPT-4o ပဲ ထွက်လာပါတယ်။ အခုတော့ နောက်နှစ် နှောင်းပိုင်းမှာ ထွက်လာတော့မယ့် အရိပ်အယောင်တွေ မြင်လာရပါပြီ။

Ref : digitaltrends