တရုတ်နိုင်ငံအခြေစိုက် အီလက်ထရောနစ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Hisense ကတော့ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Hisense ရဲ့ 5G စမတ်ဖုန်းဟာ MediaTek ရဲ့ Dimensity 1000 or Dimensity 1000L processors စတာတွေ သုံးထားတာမဟုတ်သလို Qualcomm ရဲ့ ပရိုဆက်ဆာကိုလည်း သုံးထားတာ မဟုတ်ပါဘူး။

Hisense ရဲ့ 5G စမတ်ဖုန်းမှာ အသုံးပြုထားတာက UNISOC ရဲ့ Tiger T7510 5G chipset ပဲ ဖြစ်ပါတယ်။ Tiger T7510 ဟာ UNISOC ရဲ့ 5G modem ဖြစ်တဲ့ Ivy V510 နဲ့ Tiger T710 ပရိုဆက်ဆာကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Clock speed 2.0GHz 4x Cortex-A75 cores နဲ့ 1.8GHz 4x Cortex-A55 cores တွေနဲ့ ပရိုဆက်ဆာလည်း ဖြစ်ပါတယ်။ Clock speed 800Mhz PowerVR GM 9444 GPU လည်း ပါဝင်ပါသေးတယ်။

Ivy V510 modem ဟာ TSMC ရဲ့ 12nm node ကို အသုံးပြုတည်ဆောက်ထားတာ ဖြစ်ပြီး SA နဲ့ NSA ကွန်ရက် နှစ်မျိုးစလုံးကို ထောက်ပံ့ပေးပါတယ်။ ထုံးစံအတိုင်း 2G, 3G နဲ့ 4G ကွန်ရက်တွေကိုလည်း ထောက်ပံ့ပေးပါသေးတယ်။ Chipset ဟာ Sub-6GHz ကြိမ်နှုန်းကိုလည်း ထောက်ပံ့ပေးတယ်လို့ UNISOC က ပြောပါတယ်။

Hisense F50 5G စမတ်ဖုန်းဟာ Water-drop notch နဲ့ဖြစ်တာကိုတွေ့ရပေမယ့် မျက်နှာပြင် အရွယ်အစားနဲ့ အခြားအချက်အလက်တွေကိုတော့ ကြေညာထားခြင်း မရှိပါဘူး။ ကျောဘက်မှာလည်း ကင်မရာလေးလုံး တပ်ဆင်ထားတာတွေ့ရသလို လက်ဗွေဖတ်ဆင်ဆာကိုလည်း တွေ့မြင်ရပါတယ်။ ကံမကောင်းစွာဘဲ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Hisense ကတော့ သူတို့ရဲ့ 5G စမတ်ဖုန်းဟာ 5,010mAh ဘက်ထရီနဲ့ 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 8mm wide cooling pipe လည်း ပါဝင်တယ်လို့ သိရပါတယ်။ ပုံစံကြည့်ရတာကတော့ Hisense အနေနဲ့ ဒီစမတ်ဖုန်းကို ဈေးကွက်ထဲ ဖြန့်ချိဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆရပါတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အဓိကအစိတ်အပိုင်းတွေကို အသိပေးထုတ်ပြန်ပေးခြင်း မရှိသေးတာလည်း ဖြစ်နိုင်ပါတယ်။

Ref: Gizmochina