စက်တင်ဘာလဟာ စမတ်ဖုန်းပွဲတော်လလို့ ဆိုရလောက်အောင်ပဲ အမှတ်တံဆိပ်အတော်များများက သူတို့ရဲ့ ထုတ်ကုန်သစ်တွေကို ပွဲထုတ်လေ့ရှိပါတယ်။ HMD Global ကလည်း ဒီလထဲမှာ Nokia ဖုန်းသစ်နှစ်မျိုးကို မိတ်ဆက်ရောင်းချမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါကြောင့် စက်တင်ဘာစမတ်ဖုန်းပွဲတော်မှာ Nokia အမှတ်တံဆိပ်ကို မြင်တွေ့ရဦးမှာပါ။

Nokia ဖုန်းသစ်နှစ်မျိုးကို မိတ်ဆက်မယ့်ရက်ဟာ စက်တင်ဘာလ ၂၂ ရက်ဖြစ်ပြီး 4PM GMT မှာ Event Live-stream စတင်မယ်လို့ ကုမ္ပဏီရဲ့ Chief Product Officer Juho Sarvikas က ပြောပါတယ်။ အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့တာက Nokia 7.3 ကို စက်တင်ဘာလ ၂၂ ရက်နေ့မှာ  ကြေညာမယ်ဆိုတာပါ။ ဒါကြောင့် နောက်တစ်မျိုးဟာ ဘာလဲလို့ မေးချင်စရာရှိပါတယ်။

HMD Global ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Nokia 7.2 နဲ့ Nokia 6.2 တို့ကို တပြိုင်နက် ကြေညာခဲ့တာပါ။ ဒါကြောင့် ဒီနှစ်မှာလည်း Nokia 7.3 နဲ့အတူ ကြေညာမှာက Nokia 6.3 ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ Nokia 7.3 က 5G စမတ်ဖုန်း အမျိုးအစားဖြစ်ဖို့ မျှော်လင့်နိုင်ပေမယ့် Nokia 6.3 ကတော့ 4G စမတ်ဖုန်းသာ ဖြစ်ပါလိမ့်မယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်က ဖိတ်စာမှာပါဝင်တဲ့ “A very special guest” ဆိုတဲ့စာသားပါပဲ။ ဒါကြောင့် HMD Global ဟာ Feature phone သစ်ကိုလည်း ကြေညာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Nokia accessories သစ်တွေကိုလည်း ဒီပွဲမှာ တွေ့မြင်လာရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Ref: Gizmochina