Galaxy Z Fold 3 ကတော့ အားလုံးရဲ့ မြင်ကွင်းအောက်ကို ထင်ထင်ရှားရှား ဝင်ရောက်လို့လာခဲ့ပါပြီ။ Under display selfie ကင်မရာတပ်ဆင်ထားတဲ့ ပထမဦးဆုံး Foldable ဟာ လက်တွေ့မှာရော အထင်ကြီးစရာရလဒ်ကို ပြသနိုင်ရဲ့လားဆိုတဲ့မေးခွန်းက လူအတော်များများသိချင်ကြတဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။

ဦးဆုံးပြောစရာရှိတာက Renders တွေမှာတွေ့ခဲ့သလို မျှော်လင့်ထားမယ်ဆိုရင်တော့ လက်တွေ့နဲ့ကင်းကွာနေလိမ့်မယ် ဆိုတာပါပဲ။ စစမြင်မြင်ချင်းမှာတော့ နည်းနည်းလေး သက်သောင့်သက်သာမရှိသလိုခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ အကြောင်းက Display အောက်ကကင်မရာဟာ လုံးဝပျောက်ကွယ်နေတာမျိုးမဟုတ်ဘဲ Pixel ကွက်တစ်ခုကို မြင်နေရတာကြောင့်ပါ။

Display ရဲ့အရောင်ဟာ အဖြူရောင်၊ ဒါမှမဟုတ် ခပ်ဖျော့ဖျော့အရောင်တွေဆိုရင် ကင်မရာနေရာဟာ ပိုပြီးထင်ထင်ရှားရှားဖြစ်နေပါတယ်။ ရုတ်တရက်ကြည့်ရင် မျက်နှာပြင်မှာ တစ်ခုခုကပ်နေတယ်လို့ထင်ရတဲ့ ခံစားချက်မျိုး ဖြစ်စေပါတယ်။ ဒါပေမယ့် အရောင်ရင့်ရင့်တွေရှိနေချိန်မှာတော့ ဒါဟာ သိပ်ပြီးအနှောင့်အယှက်တစ်ခုလို ထင်ပေါ်မနေတော့ပါဘူး။

Punch-hole ရှိနေတဲ့ မျက်နှာပြင်တွေကတော့ ကင်မရာရှိရာအပေါက်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတာကြောင့် ဒီနေရာဟာ ကင်မရာရှိတာပဲဆိုတဲ့ စိတ်ခံနဲ့ သိပ်ပြီးထူးဆန်းတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ Samsung Galaxy Z Fold 3 ရဲ့ Under display camera ကကျတော့ လုံးဝကြီးပေါက်နေတာလည်းမဟုတ်ဘဲ မျက်နှာပြင်ပေါ်က ပုံရိပ်တွေကိုလည်း ပြသနေတာကြောင့် ကင်မရာနေရာမှာ ကွက်ပြီးတစ်ခုခုဖြစ်နေတဲ့ ခံစားချက်မျိုးတော့ ရှိနေပါလိမ့်မယ်။ ဒီတော့ Z Fold 3 ရဲ့ UDC ကို ကျေနပ်လား၊ မကျေနပ်ဘူးလားဆိုတာက အသုံးပြုသူရဲ့ ပုဂ္ဂလိကခံစားချက်အလိုက် ကွဲပြားသွားမယ်လို့ ယုံကြည်ရပါတယ်။

Ref: Android Police