ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ Smartphone တွေရဲ့ Battery ပမာဏတွေက တဖြည်ဖြည်းပိုပြီး များလာတယ်ဆိုပေမယ့် အနည်းဆုံးတော့ တစ်ရက်ကို တစ်ခါတော့ အားပြန်သွင်းနေရပြီး တစ်ခါတလေ အသုံးများတဲ့သူဆိုရင် တစ်ရက်ကို ၂ ကြိမ်၊ ၃ ကြိမ်အထိ အားသွင်းနေရပါတယ်။ Smartphone Battery တွေက ပြန်ပြီးအားသွင်းနိုင်တဲ့ အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိတဲ့အတွက် ဘယ်လိုမျိုးအားသွင်းတာက စိတ်ချရပြီး ဖုန်း Battery သက်တမ်းကို ကြာကြာခံစေမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းကို 100% ပြည့်တာနဲ့ ဖြုတ်တာမျိုးမဟုတ်ပဲ ညဘက်တစ်ညလုံး (သို့) အချိန်အကြာကြီး အားသွင်းထားတာက ဖုန်း Battery ကို ထိခိုက်စေသလား ?

ကျွန်တော်တို့ လုပ်တတ်တဲ့အကျင့်တစ်ခုက ဖုန်းကို ညအိပ်ချိန်မှာ အားသွင်းပြီး အိပ်တာဖြစ်ပါတယ်။ ဒါက မနက်နိုးတဲ့အချိန်ကြရင် အားအပြည့်ရှိနေစေပေမယ့် ဖုန်းကိုရေရှည်မှာ ထိခိုက်လာနိုင်မှု ရှိ၊မရှိက စဉ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဖုန်းတွေရဲ့ Battery ဟာလွန်ခဲ့တဲ့နှစ်တွေထဲက အသုံးပြုလာခဲ့ကြတဲ့ Lithium ကို အခြေခံထားတဲ့ Battery တွေဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ Smartphone တွေရဲ့ Power Management ဟာအလွန်ကောင်းမွန်လာပြီး Lithium battery တွေရဲ့အားနည်းချက်ဖြစ်တဲ့ အားပြည့်သွားတဲ့အချိန်မှာ အပူအနေနဲ့ စွမ်းအင်ကိုစွန့်ထုတ်တာမျိုးကို ဖယ်ရှားလိုက်ပြီး ဖုန်းအားပြည့်သွားရင် အားသွင်းမှုကိုဖြတ်တောက်ပစ်လိုက်တဲ့အပြင် အားသွင်းကြိုးကလာတဲ့ Power ကို အဓိက Power source အနေနဲ့ပဲအသုံးပြုတော့တဲ့အတွက် တစ်ညလုံးအားသွင်းထားပြီး မနက်ကြရင်လည်း အားအပြည့်ရှိနေမှာဖြစ်ပါတယ်။

အဲ့ဒီတော့ ညဘက်အားသွင်းထားတာက Battery ကို မထိခိုက်နိုင်ပေမယ့် တစ်ခုရှိတာက Fast Charging ပါတဲ့ဖုန်းတွေဟာ အများအားဖြင့် အားသွင်းနေတုန်းမှာ ဖုန်းကပူလာတတ်ပါတယ်။ အပူချိန်မြင့်မားလာတာဟာ Battery သက်တမ်းကိုတိုစေတဲ့အဓိကအကြောင်းတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ဖုန်းက Fast Charging ပါတယ်ဆိုရင် အားသွင်းရင်းဖုန်းသုံးတာကို လျော့ချသင့်ပါတယ်။ ဒါပေမယ့် OnePlus Dash Charge လို အားသွင်းစနစ်ကတော့ ဖုန်းကို အပူချိန်မတက်စေပဲ Adapter မှာပဲ အပူရှိတဲ့အတွက် အားသွင်းနေရင်းဖုန်းအသုံးပြုချင်တယ်ဆိုရင်လည်း အဆင်ပြေမှာပါ။

နောက်ထပ် သတိထားသင့်တဲ့အချက်တစ်ခုက တစ်ညလုံးအားသွင်းတဲ့အချိန်မှာ အားသွင်းခေါင်းက Original မဟုတ်ပဲ အခြားဈေးသက်သာတဲ့ အားသွင်းခေါင်းတွေနဲ့ အားသွင်းတာ၊ အားသွင်းတဲ့ မီးပလပ်ပေါက်က မီးအားအတက်အကျရှိတတ်တယ်ဆိုရင် အားမသွင်းသင့်ပါဘူး။ ဖုန်းမီးလောင်ပေါက်ကွဲမှုအများစုက ဝါယာရှော့ ဒါမှမဟုတ် Original မဟုတ်တဲ့ အားသွင်းကြိုးတွေနဲ့ အားသွင်းရာကနေ အများဆုံးဖြစ်တတ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။

ဖုန်း Battery လုံးဝကုန်သွားတဲ့အထိ သုံးပြီးမှ အားသွင်းသင့်သလား ?

ဒီနေရာမှာတော့ အရင်ဆုံးပြောသင့်တာက Li-Ion battery ပဲဖြစ်ဖြစ် Li-Po battery ပဲဖြစ်ဖြစ် အရင်တုန်းက Nickel battery တွေလိုမဟုတ်ပဲ Life Cycle ပိုပြီး ရှည်ကြာတဲ့အတွက် သက်တမ်းကြာကြာခံပါတယ်။ ပုံမှန်အားဖြင့်တော့ Battery Life Cycle ကို ထိန်းသိမ်းနိုင်အောင် ဖုန်းကို 20% အောက်ရောက်တဲ့အထိမသုံးပဲ အားသွင်းတဲ့အချိန်မှာလည်း 100% ပြည့်တဲ့ထိ မထားပဲနဲ့ 80/85% လောက်ထိပဲ အားသွင်းပြီး သက်တမ်းကို အနည်းငယ်ပိုခံအောင်ထိန်းသိမ်းလို့ရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဖုန်းကို 100% အထိပြည့်အောင် သွင်းမယ်ဆိုရင်လည်း နှစ်အနည်းငယ်အထိ Battery ရဲ့ Capacity က သိသိသာသာလျော့ကျသွားမှာမဟုတ်ပါဘူး။

တကယ်လို့ ကိုယ့်ဖုန်း Battery ကို ကောင်းမကောင်းစစ်ဆေးချင်တယ်ဆိုရင်တော့ ဖုန်းကို လုံးဝအားကုန်တဲ့အထိ အသုံးပြုလိုက်ပြီး ပါဝါပိတ်လျက်နဲ့ အားသွင်းကြည့်ပါ။ အားပြည့်သွားရင် ဖုန်းကို ပြန်ဖွင့်ပြီး အားလျော့မလျော့ စစ်ဆေးပြီး ကိုယ့်ဖုန်းက Battery ကောင်းသေးလား၊ မကောင်းတော့ဘူးလားဆိုတာကို သိရှိနိုင်ပါတယ်။ ဒီလိုမျိုးအနည်းဆုံး တစ်လကို တစ်ကြိမ် စစ်ဆေးပေးသင့်ပါတယ်။

Original Charger ကိုပဲ အသုံးပြုရမလား? မီးပလပ်ပေါက်တွေမှာ ပါဝင်လာတဲ့ USB Port ကနေရော အားသွင်းသင့်သလား?

လက်ရှိအချိန်မှာတော့ ဖုန်းကုမ္ပဏီတွေအကုန်လုံးကလည်း ဖုန်းကို အားသွင်းတဲ့အချိန်မှာ နဂိုပါတဲ့ Original Charger နဲ့ပဲ အားသွင်းဖို့ကို အကြံပြုထားကြပါတယ်။ ဒါပေမယ့် အချို့သော Quick Charge 3.0 ကို ဖုန်းကထောက်ပံ့ပေးပေမယ့် Original Charger က Quick Charge 3.0 ကို အထောက်အပံ့မပေးရင် Quick Charge 3.0 ဖြင့်အားသွင်းပေးနိုင်တဲ့ Third Party Charger ကို ဝယ်ယူဖို့လိုအပ်လာပါတယ်။ အဲ့လိုမျိုးဖြစ်လာခဲ့ရင် အကောင်းဆုံးကတော့ အာမခံချက်ပေးနိုင်ပြီး နိုင်ငံတကာမှာပါ နာမည်ရှိတဲ့ Aukey, Anker လို Brand တွေပဲ အသုံးပြုတာက ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Original Charger ကိုတော့ မပျောက်မပျက်အောင် ထိန်းသိမ်းပြီး Original Charger နဲ့ပဲ အားသွင်းတာက အကောင်းဆုံးဖြစ်မှာပါ။ အခြား အပြင်ကဈေးပေါတဲ့ Charger တွေကိုတော့ တတ်နိုင်သလောက်ရှောင်သင့်ပါတယ်။ Charger ဈေးပေါတာကို သုံးမိရာကနေ သင့်ဖုန်းပါ ပေါက်ကွဲသွားနိုင်ပါတယ်။

အခုလက်ရှိခေတ်စားလာတဲ့ မီးပလပ်ခုံတွေ၊ Extension Cable တွေမှာ ပါဝင်လာတဲ့ USB Port တွေကနေ အားသွင်းသင့်လားဆိုတာကတော့ အဓိကကခုန Quick Charge Charger တွေလိုပဲ နာမည်ကြီး ယုံကြည်စိတ်ချရတဲ့ Brand ဆိုရင်တော့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Original Charger နဲ့ပဲ အရင်သွင်းပြီး Charger မပါတာပဲဖြစ်ဖြစ်၊ သွင်းဖို့ အဆင်မပြေမှသာ စဉ်းစားသင့်ပါတယ်။

အားသွင်းနေတုန်း ဖုန်းသုံးသင့်သလား ?

အားသွင်းနေတုန်းကိုတော့ အကောင်းဆုံးကဖုန်းမသုံးပဲ အားပဲပြည့်တဲ့အထိသွင်းထားပါ။ ဘာဖြစ်လို့လည်းဆိုတော့ အခုနကပြောခဲ့သလိုပဲ အားသွင်းရင်း အသုံးပြုတာက Battery ကို မထိခိုက်ဘူးဆိုပေမယ့် အားသွင်းချိန်ကြာလာတာနဲ့အမျှ ဖုန်းကအပူချိန်တက်လာမှာဖြစ်ပါတယ်။ အပူချိန်တက်လာတယ်ဆိုတာက ဖုန်းရဲ့ Battery ကို ထိခိုက်စေမယ့် အကြောင်းရင်းတစ်ခုဆိုတော့ ဖြစ်နိုင်ရင် ဖုန်းအားသွင်းချိန်မှာတော့ ဖုန်းကို အနားပေးလိုက်သင့်ပါတယ်။

OnePlus မှာ ပါဝင်တဲ့ Dash Charge ဟာ အားသွင်းနေစဉ် ဖုန်းအားသွင်းနေလည်း အားသွင်းနှုန်းမကျသွားပဲ ဖုန်းကိုလည်း အပူချိန်မတက်စေတဲ့အတွက် ခြွင်းချက်လို့ပြောလို့ရပါတယ်။

ဒါကတော့ လက်ရှိဖုန်းအားသွင်းတဲ့အချိန်မှာ ဖြစ်တတ်တဲ့ကိစ္စတွေကို ရှင်းပြထားတာပဲဖြစ်ပါတယ်။ ပုံမှန်အားသွင်းတာထက် Airplane Mode လုပ်ထားပြီး အားသွင်းတာက အားအဝင်ပိုမြန်ပေမယ့် တစ်ဖက်ကကြည့်ရင် အားသွင်းနေတဲ့အချိန်မှာ ဆက်သွယ်မှုတွေကို ပြုလုပ်နိုင်မှာမဟုတ်တဲ့အတွက် အားသာချက်၊ အားနည်းချက် တစ်ခုစီရှိမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ Smartphone တိုင်းရဲ့ Battery တွေအကုန်လုံးဟာ သက်တမ်းတစ်ခုရှိပြီး အပေါ်ကအချက်တွေကို လိုက်နာပြီး ထိန်းသိမ်းမယ်ဆိုရင်တောင် နှစ်ကာလအချိန်တစ်ခုကြာပြီးတဲ့အချိန်မှာ Battery ကို အသစ်လဲလှယ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖုန်းကိုပဲ အသစ်လဲကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။