HTC ကုမ္ပဏီဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေရောင်းအားကျဆင်းနေခဲ့ပြီး အခြားသော ပြိုင်ဘက်တွေဖြစ်တဲ့ Samsung ၊ Huawei တို့နဲ့ ယှဉ်ရင်နောက်ကောက်ကျနေခဲ့တယ်လို့ ပြောလို့ရပါတယ်။

အဲ့ဒီအတွက် နောက်ဆုံးသိရတဲ့သတင်းတွေအရ လာမယ့်နှစ် ၂၀၁၈ ခုနှစ်မှာ HTC ကုမ္ပဏီဟာ စမတ်ဖုန်းတွေအများအပြားထုတ်လုပ်မှာမဟုတ်တော့ပဲ စမတ်ဖုန်း ၃မျိုး ၄ မျိုးလောက်ပဲ ထုတ်တော့မယ်လို့ သိရပါတယ်။ အဲ့ဒီဖုန်းတွေကလည်း Mid Range ဖုန်းတစ်မျိုးနဲ့ အခုထုတ်ထားတဲ့ HTC U11 စမတ်ဖုန်းရဲ့ မျိုးဆက်ဖြစ်လာမယ့် HTC U12 ဖုန်းတွေပဲလို့ သိရပါတယ်။

အချို့သော သတင်းတွေအရဆိုရင် HTC ဟာ ယခုနှစ် ၂၀၁၇ တစ်နှစ်ထဲမှာတင် ဒေါ်လာ ၂၃၇.၄၂ သန်း အရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအတွက်နောက်နှစ်မှာ စမတ်ဖုန်းတွေအများအပြားမထုတ်လုပ်နိုင်တော့တာဖြစ်ပြီး နောက်နှစ်ထဲမှာ Research & Development ဘက်ကိုပဲ အာရုံစိုက်သွားမယ်လို့ သိရပါတယ်။

HTC ကနေ တလောက နောက်နှစ်ထဲမှာ Dual Camera နဲ့ စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်မယ်လို့ ပြောကြားခဲ့သေးတဲ့အတွက် နောက်နှစ်မှာ ထွက်ရှိလာမယ့် HTC U12 စမတ်ဖုန်းကရော Dual Camera အသုံးပြုလာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။