ဒီတစ်ပတ်အစောပိုင်းတုန်းက ဂျာမန်အစိုးရအဖွဲ့ဟာ Bundestag ကို ဥပဒေတစ်ခု ပြဌာန်းတင်သွင်းခဲ့ပါတယ်။ ဒါဟာ တရုတ်ဆက်သွယ် ရေးပစ္စည်းကိရိယာထောက်ပံ့သူ Huawei ကို နိုင်ငံတွင်း၊ 5G ကွန်ရက်တည်ဆောက်မှုအတွက် ခွင့်ပြုဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် တင်းကြပ်တဲ့ လုံခြုံရေးအစီအမံတွေနဲ့ အတူအာမခံချက်လည်း ရရှိမှ ဖြစ်ပါတယ်။

Asia Times ရဲ့ အစီရင်ခံစာတစ်ခုအရ၊ အဆိုပြုထားတဲ့ဥပဒေအရ Huawei အနေနဲ့ တင်သွင်းထောက်ပံ့တဲ့ တယ်လီကွန်းဆက်သွယ်ရေးပစ္စည်းကိရိယာတွေအတွက် လုံခြုံရေးပိုင်းဆိုင်ရာအားနည်းပါက ငွေရေးကြေးရေးအရ တာဝန်ယူရမယ်ဆိုတဲ့ အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ ဂျာမန်လုံခြုံရေးအေဂျင်စီက ကွန်ရက်ရဲ့လုံခြုံစိတ်ချရမှုကို လက်ခံအတည်ပြုနိုင်ဖို့အတွက် အပြည့်အဝအသုံးချခွင့် ပေးရမှာ ဖြစ်ပါတယ်။

အခြားတစ်နည်းနဲ့ပြောရရင်တော့ ဂျာမနီဟာ 5G ကွန်ရက်ဆိုင်ရာအဆောက်အအုံတည်ဆောက်မှုတွေမှာ Huawei နဲ့ ရှေ့ဆက်သွားမှာဖြစ်ပါတယ်။ ဝါရှင်တန်အစိုးရဟာ တရုတ်နည်းပညာကုမ္ပဏီကြီးကို လုံးဝပိတ်ပင်ဖို့အတွက် ဝန်ကြီးချုပ် Angela Merkel ရဲ့အစိုးရအဖွဲ့ကို စည်းရုံးသိမ်းသွင်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘူးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဒီအဆိုပြုလွှာဟာ ပြီးခဲ့တဲ့နိုဝင်ဘာကတည်းက ပေါက်ကြားပြီး လူထုကြားထဲမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ အခုတော့ ပိုပြီးခိုင်မာလာတဲ့ အနေအထားတစ်ရပ်ဆီ ဦးတည်လာပြီလို့ ဆိုရမှာပါ။ အဆိုပြုထားတဲ့ ဂျာမန်ဥပဒေဟာ အမေရိကန်ပြည်ထောင်စုအုပ်ချုပ်ရေးအတွက် ခလုတ်ကန်သင်းသဖွယ် ဖြစ်လာတယ်လို့ Wall Street ဂျာနယ်ကတုံ့ပြန်ရေးသား ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာ ပြန်ပြီးအနိုင်ရခဲ့မယ်ဆိုရင်တော့ ဒီကိစ္စက တစ်မျိုးတစ်မည်ပြောင်းလဲသွားနိုင်ပါတယ်။

ပြီးခဲ့တဲ ဇူလိုင်လတုန်းကတော့ ဗြိတိန်ဟာ Huawei ရဲ့ ကွန်ရက်ကိရိယာတွေကို ဒီဇင်ဘာလ ၃၁ ရက်ကစပြီး ပိတ်ပင်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဂျာမနီမှာလုပ်ငန်းလုပ်ကိုင်ခွင့်ရရင်တော့ Huawei အတွက်အောင်ပွဲပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: Gizmochina