Huawei ကနေ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ပြင်သစ် ပါရီမြို့မှာ Huawei ရဲ့ P Series စမတ်ဖုန်းအသစ်တွေကို ထုတ်ပြသွားမယ်ဆိုတာကို ကြေငြာပြီးဖြစ်ပါတယ်။ ဒါပေမယ့် တလောကအထိ Huawei က P11 ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်မှာလား၊ P20 ဆိုပြီး နာမည်ပြောင်းထုတ်မှာလားဆိုတာကို အငြင်းပွားနေကြတုန်းပဲဖြစ်ပါတယ်။

ဒါပေမယ့် Huawei ဟာ သူတို့ရဲ့ Huawei P Series ဖုန်းတွေရဲ့ နာမည်ကို မတ်လ ၂၇ ရက်နေ့အထိ ဖုံးကွယ်မထားနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဘာစီလိုနာမှာ စိုက်ထူထားတဲ့ Huawei ရဲ့ မတ်လ ၂၇ ရက်နေ့ Event ကြော်ငြာ Billboard မှာ Huawei P20 နဲ့ Huawei P20 Pro လို့ ရေးသားထားတာကြောင့်ပဲဖြစ်ပါတယ်။

Huawei ရဲ့ အခုကြော်ငြာဆိုင်းဘုတ်မှာတော့ “ဓါတ်ပုံပညာပြန်လည်မွေးဖွားခြင်းက နီးကပ်လာပြီ” လို့ အဓိပ္ပါယ်ရတဲ့ စာသားကိုရေးသားထားပြီးတော့ Huawei ရဲ့ P20 နဲ့ P20 Pro စမတ်ဖုန်းတွေက ကင်မရာပိုင်းအလွန်ကောင်းမွန်လာဦးမယ်လို့ ယူဆရပါတယ်။

Huawei P20 Pro စမတ်ဖုန်းဟာ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရဆိုရင် ဖုန်းရဲ့ ကျောဘက်မှာ ကင်မရာ ၃ လုံးပါဝင်နေမှာဖြစ်ပြီးတော့ 12MP Camera တစ်ခုနဲ့ 16MP Camera ၂ ခု ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခု Huawei P20 ရော P20 Pro စမတ်ဖုန်း ၂ ခုစလုံးဟာ Processor အနေနဲ့ Kirin 970 Processor ပါဝင်လာမှာဖြစ်ပြီး AI ပိုင်းလုပ်ဆောင်နိုင်စွမ်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။