Huawei ရဲ့ Honor Series ဖုန်းတွေဟာ အကြမ်းခံတဲ့အပြင် စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းအရလည်း သက်သာတဲ့အတွက် နာမည်ရနေတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Huawei ကနေ Honor ရဲ့ နာမည်ရ Series တစ်ခုဖြစ်တဲ့ Honor X Series ဖုန်းတွေရဲ့ ရောင်းအားကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အခုကြေငြာချက်အရ Huawei ကနေ Honor X Series စမတ်ဖုန်းပေါင်း အလုံးရေ သန်း ၄၀ ကျော်ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။ Huawei ကနေ Honor X Series စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလာခဲ့တာကလည်း လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲက ဖြစ်တဲ့အတွက် အခုဆိုရင် ၃ နှစ်တာကာလအတွင်းမှာ သန်း ၄၀ ကျော်အထိ ရောင်းချခဲ့ရတာပါ။

အဲ့ဒီရောင်းချခဲ့ပြီးတဲ့ Honor X Series စမတ်ဖုန်းတွေထဲမှာ မြန်မာနိုင်ငံမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Honor 4X စမတ်ဖုန်းတွေနဲ့ အခုနောက်ဆုံးထုတ်လုပ်ထားတဲ့ Honor 7X စမတ်ဖုန်းတွေပါဝင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုထွက်ရှိထားတဲ့ Honor 7X စမတ်ဖုန်းဟာဆိုရင်လည်း ပထမဆုံးရောင်းချတဲ့ ၂ နာရီထဲမှာတင် အလုံးရေ ၃ သိန်းခန့်ရောင်းချခဲ့ရတာဖြစ်ပါတယ်။ Huawei ကိုယ်တိုင်ကလည်း အခု Honor 7X စမတ်ဖုန်းဟာ ယခင်က ထုတ်လုပ်ထားတဲ့ Honor 6X စမတ်ဖုန်းထက် ၂ ဆခွဲလောက် ပိုပြီးရောင်းချရတယ်လို့ သိရပါတယ်။

Honor 7 X စမတ်ဖုန်းဟာ လက်ရှိရေပန်းစားနေတဲ့ 5.99″ 18:9 Display ၊ Dual Camera စနစ်နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Processor တွေပါဝင်ပြီးတော့ ဈေးနှုန်းအနေနဲ့လည်း အလွန်သက်သာတဲ့ ၁၉၉ ဒေါ်လာနဲ့ပဲ ရောင်းချနေတာဖြစ်ပါတယ်။