Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS ကတော့ သူ့ရဲ့စမတ်ဖုန်းတွေဆီ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ Mate 40 စီးရီးတွေဟာ ပထမဦးဆုံး Beta ဗားရှင်းကို ရရှိတော့မယ်လို့ Huawei ရဲ့ Software ဌာနဒုတိယဥက္ကဋ္ဌ Mai Yumin က ဆိုပါတယ်။

HarmonyOS ကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက ကြေညာခဲ့တာဖြစ်ပေမယ့် တစ်နှစ်ကျော်ကြာပြီးမှ ကုမ္ပဏီထုတ် စမတ်ဖုန်းတွေပေါ် စတင်ရောက်ရှိမှာ ဖြစ်ပါတယ်။ Huawei Developer Conference 2020 မှာ HarmonyOS 2.0 ကိုကြေညာခဲ့ပြီး မျိုးဆက်သစ်ဟာ Smart Wearable အပါအဝင် ပလက်ဖောင်းအတော်များများမှာ သုံးလို့ရလာကြောင်းကိုလည်း အသိပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကပဲ HarmonyOS ရရှိမယ့် Device စာရင်းပေါက်ကြားထွက်ပေါ်လာခဲ့သလို၊ အဲဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ Mate 40 စီးရီးကို တွေ့မြင်ခဲ့ရပါတယ်။ အခုမှ တရားဝင်အတည်ပြုနိုင်လိုက်တာပါ။ ကုမ္ပဏီအနေနဲ့ Android ပလက်ဖောင်းကို HarmonyOS နဲ့ အစားထိုးဖို့ ကြိုးစားနေပေမယ့် Android applications တွေကို အပြန်အလှန်ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်နေပါသေးတယ်။

ကနဦးသတင်းအရ EMUI 11 သုံးနေတဲ့ဖုန်းတွေအနေနဲ့ HarmonyOS ကို Upgrade လုပ်နိုင်မယ်လို့ သိရှိပြီး ဖြစ်ပါတယ်။ ဒီအခြေအနေအရ ဈေးကွက်ထဲမှာရရှိနိုင်တဲ့ Huawei ဟန်းဆက်မော်ဒယ်တွေရဲ့ ၉၀% ကျော်ဟာ HarmonyOS ကိုပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ HarmonyOS ဟာ စမတ်ဖုန်း၊ စမတ်နာရီတွေတင်မကဘဲ ကားတွေနဲ့အခြား IoT (Internet of things) ထုတ်ကုန်တွေမှာပါ Cross Platfrom ချိတ်ဆက်မှုအနေနဲ့ အသုံးပြုနိုင်အောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။

Ref: Gizmochina