၂၀၁၆ ခုနှစ် အဆုံးပိုင်းလောက်မှာ Huawei ကုမ္ပဏီက Huawei Mate 9 ကို မိတ်ဆက်ခဲ့ပြီး ကင်မရာ ကောင်းကောင်းကြိုက်တဲ့သူတွေကြားမှာ ရေပန်းစားနေပါတယ်။

အားသာချက်

ကင်မရာ ကောင်းကောင်း သဘောကျတဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ဖုန်းပါ။

အားနည်းချက်

ဖုန်းရဲ့ ဒီဇိုင်းက သိပ် ဆွဲဆောင်မှု မရှိပါဘူး။

Display

Huawei Mate 9 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅.၉ လက်မရှိပြီး ပေါက်ကွဲမှုဖြစ်သွားတဲ့ Galaxy Note7 ကတော့ မျက်နှာပြင် အရွယ်အစား ၅.၇ လက်မရှိပါတယ်။

စခရင် Resolution က 1920×1080 Pixel Resolution ရှိပါတယ်။ တစ်လက်မမှာ 373 Pixel ရှိတာကြောင့် နက်ရှိုင်းပြတ်သားတဲ့ ပုံရိပ်တွေကို မြင်ရမှာဖြစ်ပါတယ်။

Mate 9 ရဲ့ မျက်နှာပြင်က ကြီးမားတာကြောင့် ကိုင်ရတာတော့ ကောင်းပေမယ့် လက်မတစ်ခုတည်းနဲ့ ဖုန်းနေရာအကုန်လုံးကိုတော့ မထောက်နိုင်ပါဘူး။ ဒါကြောင့် Touch ကို လက်နှစ်ဖက်လုံးအသုံးပြုမှသာ အဆင်ပြေမှာပါ။

ဖုန်းရဲ့အနောက်ဘက်မှာ Fingerprint ဆင်ဆာပါရှိပြီး တိတိကျကျနဲ့ လျင်လျင်မြန်မြန်အလုပ်လုပ်ပါတယ်။ ဖုန်းရဲ့ အောက်ဘက်မှာ USB-C Connector ပါဝင်ပြီး 3.5 mm Headphone အပေါက်ကတော့ ဖုန်းရဲ့ အပေါ်မှာ ပါဝင်ပါတယ်။

ကိုယ်ထည်ကို သတ္တုနဲ့ ပြုလုပ်တာကြောင့် ကိုင်ရတာ ကောင်းမွန်ပြီး အကြမ်းလည်းခံပါတယ်။ Huawei Mate 9 ကို အမေရိကန်ပြည်ထောင်စုမှာတော့ ဇန်န၀ါရီလ ၆ ရက်နေ့၊ အမေရိကန်ဒေါ်လာ ၅၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။

အရောင်တွေကတော့ အာကာသ မီးခိုးရောင် (Space Gray) ၊ ငွေလရောင် (Moonlight Silver) ၊ ရွှေရောင် (Champagne Gold)၊ အညိုရောင် (Mocha Brown)၊ အဖြူရောင် (Ceramic White)၊ အမည်းရောင် (Black) နဲ့ မဲနက်ရောင် (Obsidian Black) တို့ ဖြစ်ပါတယ်။

Processor

Huawei Mate 9 မှာ Octa-Core Kirin 960 Processor အသုံးပြုထားပြီး Ram က 4GB ပါဝင်ပါတယ်။ Kirin 960 Chipset ကို Huawei မှကိုယ်တိုင်ထုတ်လုပ်ထားပြီးစွမ်းဆောင်ရည်မြင့်မားတဲ့ Octa-Core Chipset ဖြစ်ပါတယ်။ Android 7.0 Nougat ကို အသုံးပြုထားပါတယ်။ Processor ကော RAM ကော မြင့်တာကြောင့် ဂိမ်းကြီးကြီးမားမားတွေ အဆင်ပြေပြေ ဆော့နိုင်ပါတယ်။

အဲ့ဒီအပြင် Adobe Photoshop Express နဲ့ Snapseed App တို့ကိုသုံးပြီးလည်း ပုံတွေကို Edit လုပ်နိုင်ပါတယ်။

ကင်မရာ

Huawei Mate 9 မှာ Leica တံဆိပ် အနောက်ကင်မရာ ၂လုံးပါဝင်ပါတယ်။ 12 Megapixel ရှိတဲ့ ကင်မရာက ဓာတ်ပုံတွေကို အရောင်တွေနဲ့ ရိုက်ပြီး 20 Megapixel ရှိတဲ့ ကင်မရာက ဖြူမည်းဓာတ်ပုံမျိုးရိုက်ပါတယ်။ သူတို့ ဓာတ်ပုံ ၂ခုကိုပေါင်းပြီး တစ်ခုတည်း ထုတ်ပေးလိုက်တာကြောင့် အလင်းအမှောင်တွေက အရမ်းကြည်လင် လှပနေပါတယ်။ အဖြူအမည်းဘဲ ရိုက်ချင်ရင်လည်း ရိုက်လို့ရပါတယ်။ အဲ့ဒီအပြင် Focus ကစားပြီးတော့လည်း ဓာတ်ပုံတွေရိုက်၊ Edit လုပ်လို့ရပါတယ်။

အဲ့ဒီအပြင် Low Light ရိုက်ကူးရာမှာလည်း အဆင်ပြေပါတယ်။

အရှေ့ကင်မရာမှာတော့ Selfie ရိုက်သူတွေ ကြိုက်နှစ်သက်မယ့် 8 Megapixel ကင်မရာ ပါဝင်ပါတယ်။ Lens တွေကလည်း မြင်ကွင်းကျယ် (Wide Lens) တွေသုံးထားတာကြောင့် လက်ကို တအားဆန့်ထုတ်စရာမလိုဘဲနဲ့ ဓာတ်ပုံဘောင်မှာ ကိုယ့် မျက်နှာ ပြူးမထွက်နေဘဲ လှလှပပ Post ပေးလို့ရပါတယ်။

Alexa Voice Assistant

အမေရိကန်ပြည်ထောင်စုမှာ ရောင်းချတဲ့ Huawei Mate 9 မှာ Amazon က ထုတ်လုပ်တဲ့ Echo Alexa Voice Assiatant သုံးလို့ရပါတယ်။ Alexa Voice Assistant က လွယ်လွယ်ကူကူလုပ်ဆောင်လို့ရတဲ့ ကိစ္စတွေကို နှုတ်ဖြင့် စေခိုင်းလို့ရပါတယ်။ ဥပမာ နှိုးစက်ပေးခြင်း၊ ဒါမှမဟုတ် ရာသီဥတုအကြောင်း မေးခြင်းတို့ဖြစ်ပါတယ်။

အဲ့ဒီအပြင် ဥာဏ်ရည်မြင့် ပစ္စည်းတွေ (Smart Devices) များကိုလည်း ချိတ်ဆက် ခိုင်းစေလို့ရပါတယ်။

ဘက်ထရီ

ဘက်ထရီကလည်း 4000 mAh အသုံးပြုထားတာကြောင့် တစ်နေ့လုံး ဖုန်းကို စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။ CNet ရဲ့ ဘက်ထရီစစ်ဆေးမှုမှာတော့ Huawei Mate 9 က ၁၈ နာရီနဲ့ ၃၅ မိနစ်ခံပါတယ်။

Mate 9 Pro

Mate 9 ထက် ပိုကောင်းတဲ့ Mate 9 Pro ကိုလည်း Huawei က ထုတ်လုပ်ထားပါတယ်။ ဒီဇိုင်းက Note 7 နဲ့ ဆင်တူပြီး မှန်က ခုံးနေပါတယ်။ RAM က 4 GB ဒါမှမဟုတ် 6GB ပါဝင်ပြီး Storage 64 GB ဒါမှမဟုတ် 256 GB ပါဝင်ကာ Fingerprint Sensor လည်း ပါဝင်ပါတယ်။

Mate 9 Pro ကို တရုတ်နိုင်ငံအတွက်သာ သီးသန့်ထုတ်ထားတယ်လို့ Huawei ကုမ္ပဏီက CNet သတင်းဌာနကို ပြောကြားထားပါတယ်။ ဒါပေမယ့် ဗြိတိန် အီလက်ထရောနစ် အွန်လိုင်း ဈေးရောင်းတဲ့ Website တွေမှာတော့ Mate 9 Pro ကို ရောင်းချနေကြပါတယ်။