Huawei ကနေ လက်ရှိအချိန်မှာ ဈေးကွက်ထဲကို Huawei Nova 2i စမတ်ဖုန်းနဲ့ Screen အပြည့်ပါဝင်တဲ့ စမတ်ဖုန်းတွေထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ Nova 2i ဖုန်းမှာဆိုရင် ကင်မရာ ၄ လုံးပါဝင်တဲ့ဆိုပေမယ့် Portrait Mode အတွက်ပဲ သီးခြား 2MP Camera တစ်လုံးစီပါဝင်တာဖြစ်တဲ့အတွက် ကင်မရာပိုင်းကိုတော့ အချို့က သဘောမကျခဲ့ကြပါဘူး။

အဲ့ဒီအတွက် Huawei ကနေ လက်ရှိ Nova 2i စမတ်ဖုန်းထက် ပိုမိုကောင်းမွန်တဲ့ Nova 3 စမတ်ဖုန်းကို ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။ အခု Nova 3 စမတ်ဖုန်းဟာဆိုရင် ယခင် Nova 2i လိုပဲ ၆ လက်မအရွယ် FullView Display ကိုပဲ သုံးလာမှာပေမယ့် ဒီဇိုင်းပိုင်းတော့ အနည်းငယ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။

အဓိကကင်မရာတွေမှာပြောင်းလဲမှုဖြစ်သွားမှာဖြစ်ပြီးတော့ ယခင် Nova 2i လိုပဲ ကင်မရာ ၄ လုံးပါဝင်ဦးမှာပေမယ့် အခုထွက်ရှိလာမယ့် Nova 3 ဖုန်းမှာ Back Camera က 16MP + 20MP ကို အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Dual Camera စနစ်ဟာ လက်ရှိ Huawei Mate 10 ဖုန်းမှာ သုံးထားသလိုမျိုးပဲ Color + Black & White Sensor တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကင်မရာပိုင်းကတော့ သိသိသာသာကို ကောင်းမွန်လာမှာပါ။ Selfie Camera ကတော့  ယခင်လိုပဲ 16MP + 2MP ပဲဖြစ်မယ်လို့ ယူဆရပါတယ်။

Huawei က Nova 3 ရဲ့ Processor ကိုလည်း Kirin 670 Hexa-Core CPU နဲ့ အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး RAM 3GB နဲ့ Storage 32GB ပါဝင်မှာဖြစ်ပါတယ်။ Battery အရတော့ 3340mAh ပဲပါဝင်မှာပါ။ Nova 3 ကိုတော့ လာမယ့် ဒီဇင်ဘာလထဲမှာ ဒေါ်လာ ၃၅၀ ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။