Huawei ကနေ Huawei P20 စမတ်ဖုန်းတွေကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ တရားဝင်ကြေငြာသွားတော့မှာပဲဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Huawei ကနေ Huawei P20 နဲ့ Huawei P20 Plus ဆိုပြီး ထုတ်လုပ်သွားတော့မှာမဟုတ်ပဲ Huawei P20 Lite ၊ Huawei P20 နဲ့ Huawei P20 Pro ဆိုပြီး စမတ်ဖုန်း ၃ မျိုးထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။

အခုထုတ်လုပ်သွားမယ့် Huawei P20 စမတ်ဖုန်းတွေထဲမှာမှ ဈေးအသက်သာဆုံးဖြစ်လာမယ့် Huawei P20 Lite စမတ်ဖုန်းရဲ့ ပုံရိပ်တွေအခုအချိန်မှာ ထပ်မံထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ အခုလို ဈေးအသက်သာဆုံးဖြစ်လာမယ့် Huawei P20 Lite စမတ်ဖုန်းတောင်မှ Full Screen Design နဲ့ Dual Camera တွေကို ထည့်သွင်းပေးထားတာကိုတွေ့ရတဲ့အတွက် Huawei အနေနဲ့ ဒီနှစ်မှာတော့ တော်တော်လေးကိုကောင်းမွန်တဲ့ စမတ်ဖုန်းတွေကိုထုတ်လုပ်လာမယ်လို့ ခန့်မှန်းရပါတယ်။

အခုထွက်ပေါ်လာတဲ့ ဒီဇိုင်းတွေအရတော့ Huawei P20 Lite စမတ်ဖုန်းဟာ Full Screen ဒီဇိုင်းကို အသုံးပြုထားပေမယ့် Front Selfie Camera အတွက်တော့ Notch Bar ကိုထည့်သွင်းထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် Dual Camera ကိုလည်း ဒေါင်လိုက်တပ်ဆင်ထားတဲ့အတွက် Apple iPhone X နဲ့တောင် တူညီနေတယ်လို့ပြောလို့ရပါတယ်။

Specifications တွေအနေနဲ့ကတော့ Huawei P20 Lite စမတ်ဖုန်းဟာ Huawei ကနေ ကိုယ်တိုင်ပြုလုပ်ထားတဲ့ Kriin 659 Processor ၊ RAM 4GB နဲ့ Storage 64GB ပါဝင်မှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 5.6″ 18:9 Ratio FullHD+ Display ကို အသုံးပြုထားမှာဖြစ်ပြီး Battery အနေနဲ့ကတော့ 3520mAh Battery ပါဝင်မယ်လို့ သိရပါတယ်။

အခု Huawei P20 Lite စမတ်ဖုန်းဟာ Huawei P20 Series ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးဖြစ်လာမယ်ဆိုပေမယ့် အနည်းဆုံးအနေနဲ့ ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ ဝန်းကျင်ရှိနေဦးမယ်လို့ ခန့်မှန်းရပါတယ်။