Huawei ကနေ P20 စမတ်ဖုန်းတွေကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ပြင်သစ်နိုင်ငံမှာ ပြသသွားတော့မှာပဲဖြစ်ပါတယ်။ လက်ရှိသိရတဲ့သတင်းတွေအရ Huawei P20 စမတ်ဖုန်းတစ်ခုထဲမဟုတ်ပဲ Hauwei P20 ၊ Huawei P20 Lite နဲ့ Huawei P20 Plus ဆိုပြီး ဖုန်း ၃ မျိုးပြသသွားမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ Huawei ရဲ့ P20 Plus စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး သတင်းတွေထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

အခုသတင်းကို @funkyhuawei အမည်ရှိတဲ့ သူတစ်ဦးက ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါသူဟာ Huawei P20 Plus ရဲ့ Firmware Files တွေထဲကနေ Huawei P20 Plus ဖုန်းနဲ့ ပတ်သတ်တဲ့သတင်းတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့သတင်းအရ Huawei P20 Plus စမတ်ဖုန်းမှာ 4000mAh Battery ပါဝင်လာမယ်လို့ သိရှိရပြီးတော့ ဖုန်းရဲ့ Display မှာလည်း အခြား Samsung နဲ့ LG စမတ်ဖုန်းတွေလိုမျိုး Always On Feature ပါဝင်လာမယ်လို့ သိရပါတယ်။ Huawei ရဲ့ Mate 10 Pro စမတ်ဖုန်းမှာလည်း 4000mAh Battery ပါဝင်တဲ့အတွက် အခုထွက်ရှိလာမယ့် Huawei P20 Plus စမတ်ဖုန်းဟာ Mate 10 Pro နေရာကို ရယူသွားမလားဆိုတာကတော့ စဉ်းစားစရာပါ။

Huawei ရဲ့ သာမန် Plus Model မဟုတ်တဲ့ P20 စမတ်ဖုန်းကလည်း 3,750mAh Battery ပါဝင်မှာဖြစ်ပြီး အဆိုပါ ပမာဏဟာများပြားတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် Always On Display လည်းပါလာမယ့်အတွက် Huawei က P20 ဖုန်းတွေမှာ OLED Display ကို ထည့်သွင်းလာနိုင်တယ်လို့ ယူဆရပါတယ်။