Huawei P20 ဖုန်းကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ တရားဝင်ထုတ်ပြသွားတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး မထုတ်ပြခင်မှာ Huawei ကနေ ကြော်ငြာကို အခြားသောပြိုင်ဘက်တွေဖြစ်တဲ့ Samsung နဲ့ Apple တို့ကို မထိတထိလုပ်ပြီး ကြော်ငြာနေပါတယ်။

အဲ့ဒါကတော့ UK မှာ ရှိတဲ့ Apple Store နဲ့ Samsung Store တွေအရှေ့မှာ Huawei ကနေ ထရပ်ကားနဲ့ Billboard ထောင်ပြီးတော့ Huawei P20 ဖုန်းတွေကို လာမယ့် မတ်လ ၂၇ ရက်နေ့မှ ထုတ်တော့မယ်ဆိုတာကို ကြော်ငြာနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပိုဆိုးသွားစေတာက Huawei က သူ့ကြော်ငြာတွေမှာ P20 စမတ်ဖုန်းကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပါ လို့ အဓိပ္ပါယ်ရတဲ့ စာသားတွေကို အဆိုပါ Billboard တွေမှာ ရေးသားထားတာပဲဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ Huawei ကနေ အဆိုပါ Samsung နဲ့ Apple Store တွေရဲ့ အရှေ့ဘက်က ကြမ်းခင်းမှာလည်း တော်လှန်ရေးက မကြာခင်လာတော့မယ်ဆိုပြီး Huawei P20 ဖုန်းကို ညွန်းထားတဲ့ ဂရပ်ဖစ်တီတွေကို ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Huawei အနေနဲ့ အခုလိုမျိုး ခပ်စွာစွာကြော်ငြာလိုက်ရအောင် Huawei P20 ဖုန်းတွေက ဘယ်လောက်ကောင်းနေလို့လဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။