Huawei ဟာ အခုအချိန်မှာ Google Mobile Services တွေကို အသုံးပြုနိုင်ခြင်းမရှိတော့ပေမယ့် Google ရဲ့ Android OS ကိုတော့ အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်ကတည်းက Huawei ကနေ ကိုယ်ပိုင် HarmonyOS ကို မိတ်ဆက်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ Huawei စမတ်ဖုန်းတွေအနေနဲ့ ကိုယ်ပိုင် OS ကိုပဲ အသုံးပြုလာနိုင်မလားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း Huawei ကနေ ယခုနှစ်မကုန်ခင်မှာ HarmonyOS အသုံးပြုထားတဲ့ စမတ်ဖုန်းကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း Huawei ရဲ့ Consumer Business CEO ဖြစ်တဲ့ Yu Chengdong ကနေ အဆိုပါသတင်းဟာ မှားယွင်းတယ်ဆိုပြီး တရားဝင်ငြင်းဆိုခဲ့ပါတယ်။

Yu Chengdong ရဲ့ ပြောကြားချက်အရ Huawei ဟာ ယခုနှစ်မှာ HarmonyOS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းမိတ်ဆက်သွားဖို့ လုံးဝအစီအစဥ်မရှိသလို လာမယ့်နှစ်တောင်မှ ဖြစ်လာနိုင်ခြေအနည်းငယ်ပဲရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android OS ကို ပြိုင်ဆိုင်ဖို့ထက် HarmonyOS သုံးထားတဲ့ ပထမဆုံးဖုန်းကို မြင်ရဖို့တောင် အချိန်အတော်ကြာစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

ဒါပေမယ့် Yu Chengdong ကနေ လာမယ့်စက်တင်ဘာလမှာ ပြုလုပ်သွားမယ့် Huawei Developer Conference မှာ Hongmeng 2.0 (HarmonyOS 2.0) ကို တရားဝင်မိတ်ဆက်သွားမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ အဆိုပါ Version 2.0 ဟာ PC ၊ Smartwatch တွေနဲ့ Car တွေအထိ အသုံးပြုနိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Giz China