Huawei က ဈေးနှုန်းသင့်တင့်ပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးပြီးသား Brand တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ရောင်းချခဲ့တဲ့ Huawei Nova 2i စမတ်ဖုန်းဆိုရင်လည်း Full View Display ၊ ကင်မရာ ၄ လုံးစတဲ့နည်းပညာတွေကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်တဲ့အတွက် လူကြိုက်များပြီး အောင်မြင်ခဲ့ပါတယ်။

 

အခုအချိန်မှာတော့ ဒီနှစ်အတွက် Huawei ကနေ လက်ရှိ ၂ သိန်းကျော်တန် စမတ်ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့တောင် ပြောလို့ရတဲ့ Huawei Y9 (2018) ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Huawei Y9 (2018) က ဘယ်လိုဖုန်းမျိုးလဲဆိုတာကို လေ့လာကြည့်ရအောင်…။

အရင်ဆုံးဒီ Y9 (2018) စမတ်ဖုန်းမှာ ကြီးမားတဲ့ 5.93″ 18:9 Ratio Full View Display ပါဝင်တာပဲဖြစ်ပါတယ်။ Resolution ကလည်း FullHD+ Resolution ရှိတဲ့အတွက် ကြည့်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။

နောက်တစ်ချက်အနေနဲ့ ကင်မရာပိုင်းကလည်း ယခင်တုန်းက အောင်မြင်ခဲ့တဲ့ Huawei Nova 2i ဖုန်းလိုပဲ ကင်မရာ ၄ လုံးပါဝင်တာပဲဖြစ်ပါတယ်။ Back Camera က 16MP + 2MP နဲ့ Front Selfie Camera ကိုလည်း 13MP + 2MP တပ်ဆင်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ခံကို ဝါးထားတဲ့ Bokeh Shot တွေကို အကောင်းဆုံးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Processor ကို ကြည့်တော့လည်း စွမ်းဆောင်ရည်မညံ့ပါဘူး။ Huawei Nova 2i မှာ အသုံးပြုထားတဲ့ Kirin 659 Processor ကိုပဲအသုံးပြုထားပြီးတော့ RAM 3GB နဲ့ Storage 32GB ပါဝင်မှာဖြစ်ပါတယ်။

အခု Huawei Y9 (2018) ရဲ့ အဓိက အားသာချက်တစ်ခုဖြစ်သွားစေတာကတော့ ဈေးနှုန်းနဲ့ ကြီးမားတဲ့ Battery ပဲဖြစ်ပါတယ်။ Huawei Y9 (2018) ဖုန်းမှာဆိုရင် လက်ရှိဖုန်းတွေအတော်များများမှာတောင် ပါဝင်မှုမရှိသေးတဲ့ 4000mAh Battery တပ်ဆင်ပေးထားပြီး သာမန်အသုံးပြုမှုတွေအတွက် အချိန်တော်တော်ကြာကြာ အားပြန်သွင်းစရာမလိုပဲ စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ နောက်ထပ်တစ်ချက်ကတော့ Dual SIM Slot အပြင် MicroSD Card Slot ပါ အပိုပါဝင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Storage နည်းပါးတယ်ထင်ရင်လည်း MicroSD Card နဲ့ စိတ်ကြိုက်တိုးလိုက်ရုံပါပဲ။

Huawei Y9 (2018) က ဈေးနှုန်းအရလည်း ငွေကျပ် ၂၅၉,၀၀၀ ကျပ်ပဲရှိတဲ့အတွက် ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့စွမ်းဆောင်ရည်က ပိုပြီး များပြားတယ်လို့ ပြောလို့ရပါတယ်။