Huawei အနေနဲ့ MWCS 2018 မှာ 5G ကွန်ရက် အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေကို ၂၀၁၉ နှစ်ဦးပိုင်းမှာ မိတ်ဆက် ပေးသွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။ ဒါ့အပြင် Huawei ကုမ္ပဏီရဲ့ Consumer Business Preisdent Jim Xu ကလည်း အင်တာဗျူး တစ်ခုမှာ Huawei အနေနဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ Gaming Smartphone ကို မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။


လက်ရှိအချိန်မှာ Gaming စမတ်ဖုန်း နဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို သိရှိရခြင်း မရှိသေးပေမယ့် Huawei ရဲ့ GPU Turbo နည်းပညာ ကို အသစ်ထွက်လာမယ့် Gaming စမတ်ဖုန်းမှာ အသုံးပြုလာနိုင်ပါတယ်။ GPU Turbo နည်းပညာဆိုတာကတော့ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပြီး ပါဝါ အသုံးပြုမှု ၃၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Gaming စမတ်ဖုန်းဆိုလို့ Razer ရဲ့ Razer Phone၊ Asus ရဲ့ ROG Phone၊ Xiaomi ရဲ့ Black Shark Phone တို့သာ ဈေးကွက်အတွင်းမှာ ရှိနေသေးတာကြောင့် Huawei အနေနဲ့ ဘယ်လို ကောင်းမွန်တဲ့ Specifications တွေ နဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဆက်လက်ပြီး Jim Xu အနေနဲ့ ကွေးနိုင်ခေါက်နိုင်တဲ့ Foldable စမတ်ဖုန်း ကို ၂၀၁၉ နှစ်ဦးပိုင်းမှာ မိတ်ဆက်သွားနိုင်အောင် စတင် စမ်းသပ် ထုတ်လုပ်နေပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် Gaming စမတ်ဖုန်းလိုပဲ Foldable စမတ်ဖုန်း နဲ့ ပတ်သတ်လို့လည်း အသေးစိတ် ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။

လက်ရှိအချိန်မှာ Samsung၊ LG စတဲ့ စမတ်ဖုန်း ကုမ္ပဏီတွေ အနေနဲ့ နောက်နှစ်ထဲမှာ ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်သွားနိုင်ဖို့ ကြိုးပမ်းနေကြပြီ ဖြစ်တာကြောင့် နောင်နှစ်ထဲမှာ ကွေးနိုင်ခေါက်နိုင်တဲ့ Foldable စမတ်ဖုန်း အမျိုးမျိုးကို မြင်တွေ့ရနိုင်ပါတယ်။


ဒါ့အပြင် Huawei အနေနဲ့ Oppo Find X နဲ့ Vivo Nex စမတ်ဖုန်းတို့မှာ အသုံးပြုထားတဲ့ ကင်မရာ ဒီဇိုင်းမျိုးကိုတော့ နောင်အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်းတွေမှာ အသုံးပြုသွားဖို့ အစီအစဉ် မရှိဘူးလို့ ငြင်းချက် ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit: GSM Arena, Digital Trends