Huawei ဟာ အခုအချိန်မှာ ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS 2.0 ကို စတင်ပြီး Beta Version အနေနဲ့ Mobile Device တွေအတွက်ထုတ်ပေးနေပြီဖြစ်ပါတယ်။ အဆိုပါ Harmony OS 2.0 ဟာ လက်ရှိ Google ရဲ့ Android OS အပြင် Apple iOS နဲ့ပါ ယှဥ်ပြိုင်သွားဖို့ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု Huawei ကနေ မိတ်ဆက်လိုက်တဲ့ Harmony OS 2.0 Beta ဟာ Android ကိုပဲ အများစုအခြေခံထားဆဲဖြစ်ပြီး ယခင်တုန်းက မျှော်လင့်နေကြသလိုမျိုး လုံးဝ Operating System အသစ်တစ်ခုမဟုတ်ဘူးလို့ သိရပါတယ်။ ဒါကတော့ Android နဲ့ Harmony OS Virtual Device တွေမှာ App တွေ စမ်းသပ်ကြည့်တဲ့အချိန်မှာ တူညီတဲ့ Error Message ကိုပဲ မြင်တွေ့ရတဲ့အတွက် ပြောကြားနိုင်တာဖြစ်ပါတယ်။

အခုလိုမျိုး App တစ်ခုနဲ့ စမ်းသပ်တဲ့အချိန်မှာ Harmony OS 2.0 Beta ဟာ Android ရဲ့ Function တွေနဲ့ အကုန်လုံးနီးပါးဆင်တူနေသလို Error Message တွေမှာလည်း “Android” အစား “HarmonyOS” ဆိုတဲ့ စာလုံးပဲပြောင်းလဲထားတာကိုတွေ့ရပါတယ်။ Android ဖုန်းတွေမှာ အသုံးပြုနေတဲ့ App နဲ့ Feature တွေကိုပဲ HarmonyOS နာမည်အောက်မှာ အသုံးပြုရမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ PC နဲ့ ချိတ်ဆက်တဲ့အချိန်မှာလည်း Harmony OS 2.0 Beta ဖြစ်နေပေမယ့် Android Debug Bridge (ADB) နည်းပညာကိုပဲ အသုံးပြုနေဆဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei ကတော့ ကိုယ်ပိုင် Operating System အသစ်ဖြစ်လာမယ်လို့ ပြောကြားနေပေမယ့် တကယ်တမ်းမှာတော့ လက်ရှိအချိန်အထိ AOSP ROM အနေနဲ့ပဲ ဖြစ်လာနိုင်ခြေရှိနေပါတယ်။

Ref – XDA-Developers